ဘန်ကောက် ဖေဖော်ဝါရီ ၁၁
လူကုန်ကူးမှု စွဲချက်တွေအတွက် ကရင်နယ်ခြားစောင့်တပ်ဖွဲ့ ခေါင်းဆောင် ၃ ဦးကို ဖမ်းဝရမ်း ထုတ်ဆင့်ဖို့ အထွေထွေရှေ့နေရုံးနဲ့ ထိုင်း အထူးစုံစမ်းစစ်ဆေးရေးဌာနတို့ ဆွေးနွေး ညှိနှိုင်းနေတယ်လို့ တရားရေးဝန်ကြီး Tawee Sodsong က ပြောတဲ့အကြောင်း ထိုင်းဘက်က လာတဲ့ သတင်းတွေမှာ ဖော်ပြပါတယ်။
ပစ်မှတ်ထားခံရသူ ၃ ဦးကတော့ ဗိုလ်မှူးကြီး စောချစ်သူ၊ ဒုဗိုလ်မှူးကြီး စောမုတ်သုန်နဲ့ ဗိုလ်မှူး စောတင်ဝင်းတို့ဖြစ်ပြီး နောက်ထပ် နိုင်ငံခြားသားတချို့လည်း အဖမ်းခံရနိုင်တယ်လို့ ထိုင်း PBS သတင်းမှာ ရေးပါတယ်။
ဝန်ကြီး Tawee ရဲ့အဆိုအရ စွဲချက်တွေကတော့ BGF အဖွဲ့ ထိန်းချုပ်ထားတဲ့ မြဝတီမြို့နယ်ရှိ ဖုန်းလိမ်ခေါ်ဆိုမှု စင်တာတွေနဲ့ပတ်သက်လို့ ဆက်စပ်မှုမရှိဘဲ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းက လူကုန်ကူးမှုတစ်ခုနဲ့ပတ်သက်တာဖြစ်ကြောင်း သိရပါတယ်။
သူတို့တွေကို ဖမ်းဆီးနိုင်ဖို့ ထိုင်းအစိုးရက မြန်မာဘက်ကနေ အကူအညီရယူမှာလားဆိုတဲ့ မေးခွန်းကိုတော့ လူကုန်ကူးမှုဆိုတာ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုဖြစ်လို့ အစိုးရအားလုံးက ပူးပေါင်းဆောင်ရွက်ကြရမှာဖြစ်တယ်လို့ တရားရေးဝန်ကြီးက ပြန်လည် ဖြေဆိုထားပါတယ်။
အာဆီယံနိုင်ငံတွေအကြား ကောင်းမွန်တဲ့ ပူးပေါင်း ဆောင်ရွက်မှုသာ ရှိမယ်ဆိုရင် တပ်ခေါင်းဆောင် ၃ ဦးကို ဖမ်းဆီးဖို့ဆိုတာ မခက်ခဲဘူးလို့ ဝန်ကြီး Tawee က မှတ်ချက်ပြုထားပါတယ်။
Ref:ThaiPBS