ဘုရားသုံးဆူ၊ ဖေဖော်ဝါရီ ၁၀
ထိုင်း-မြန်မာနယ်စပ်ဖြစ်တဲ့ ကရင်ပြည်နယ် ဘုရားသုံးဆူမြို့မှာ တရားမဝင် ကာစီနိုလောင်းကစားလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသားတွေအနေနဲ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့ နောက်ဆုံးထားပြီး ထွက်ခွာကြဖို့ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA က ဖေဖော်ဝါရီ ၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ဘုရားသုံးဆူမြို့အတွင်းမှာ တရားမဝင် ဝင်ရောက်လာပြီး စားသောက်ကုန် ရောင်းချတာ၊ ကာစီနိုလောင်းကစားလုပ်ငန်းနဲ့ ဂိမ်းရုံတွေ လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသားတွေ ထွက်ခွာကြဖို့ DKBA အမှတ် ၂ နည်းဗျူဟာမှူး ဗိုလ်မှူးကြီးစောအေဝမ်းက အမိန့်ထုတ်ပြန်ထားတာပါ။
![](https://i0.wp.com/burmese.thanlwintimes.com/wp-content/uploads/2025/02/9ba2b698-7ec3-4143-b914-fbabc9183646.jpg?resize=640%2C404&ssl=1)
ထိုင်း မြန်မာနယ်စပ်မှာ တရားမဝင် အွန်လိုင်းငွေကြေးလိမ်လည်မှု လုပ်ငန်းနဲ့ အွန်လိုင်းလောင်းကစားလုပ်ငန်းတွေကို တိုက်ဖျက်ဖို့အတွက် ထိုင်းအစိုးရက ဘုရားသုံးဆူမြို့ကို လျှပ်စစ်မီးနဲ့ လောင်စာဆီ တင်ပို့မှုတွေ ဖြတ်တောက်ခဲ့ပါတယ်။
ထိုင်းအစိုးရရဲ့ လျှပ်စစ်မီးနဲ့ လောင်စာဆီ တင်ပို့မှု ဖြတ်တောက်ထားခြင်းကြောင့် မြို့နေ ဒေသခံပြည်သူတွေအနေနဲ့ လျှပ်စစ်မီးနဲ့ ပတ်သက်တဲ့ လူမှုစီးပွားရေး ပြဿနာတွေကို ထိခိုက်ခံစားနေရတာ ဖြစ်ပါတယ်။
DKBA ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး မြို့ဒေသခံတစ်ဦးက သူတို့ရဲ့ ထုတ်ပြန်မှုဟာ ဟန်ပြသဘောလောက်သာဖြစ်ပြီး တကယ့်လက်တွေ့မှာ ထိရောက်မှု ရှိမှာမဟုတ်ဘူးလို့ ဝေဖန်ပြောဆိုပါတယ်။
ဘုရားသုံးဆူမြို့မှာ တရားမဝင် အွန်လိုင်းငွေကြေးလိမ်လည်မှု လုပ်ငန်းနဲ့ လောင်းကစား လုပ်ငန်းတွေ လာရောက် အခြေချ လုပ်ကိုင်ခြင်းမရှိစေဖို့နဲ့ ထိုင်းနိုင်ငံဘက်မှ လျှပ်စစ်မီးနဲ့ လောင်စာဆီ ပြန်လည်ရရှိရေးအတွက် ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော်က အစွမ်းကုန် ကြိုးစားသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ဘုရားသုံးဆူမြို့ကနေ တရုတ်နိုင်ငံသားတွေအနေနဲ့ ထွက်ခွာခြင်းမရှိပါက ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမှာဖြစ်ပြီး ဘုရားသုံးဆူမြို့အတွင်း နောက်ထပ်တရုတ်လူမျိုးတွေ ထပ်မံ ဝင်ရောက်မှု မရှိစေဖို့ ထိရောက်စွာ ပိတ်ပင်သွားမယ်လို့ ဆိုထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ