ဝါရှင်တန်၊ ဖေဖော်ဝါရီ ၇

နိုင်ငံတကာ ရာဇဝတ်မှုတရားရုံး ICC ဟာ အမေရိကန်နဲ့ မိမိတို့ရဲ့ အရင်းနှီးဆုံး မဟာမိတ် အစ္စရေးကို တရားမဝင် အခြေအမြစ် မရှိ ပစ်မှတ်ထား အရေးယူမှုတွေ လုပ်နေတယ်လို့ သမ္မတ ဒေါ်နယ်ထရန့်က စွပ်စွဲပြီး အရေးယူပိတ်ဆို့ရေး ညွှန်ကြားချက်ကို လက်မှတ်ရေးထိုးလိုက်ပါတယ်။

အမေရိကန်နိုင်ငံသားတွေ ဒါမှမဟုတ် မဟာမိတ်တွေကို ICC က စုံစမ်း စစ်ဆေးရာမှာ တာဝန်ပေးခြင်းခံရသူတွေနဲ့ သူတို့ရဲ့ မိသားစုတွေကို အမေရိကန်က ဘဏ္ဍာရေးနဲ့ ဗီဇာဆိုင်ရာ ကန့်သတ် တားမြစ်ရေး သမ္မတထရန့်က ညွှန်ကြားလိုက်တာ ဖြစ်ပါတယ်။

အစ္စရေးဝန်ကြီးချုပ် နေတန်ညာဟု ဝါရှင်တန်မြို့တော်ကို ရောက်ရှိနေစဉ်မှာ သမ္မတ ထရန့်က အခုလို ညွှန်ကြားချက်ကို လက်မှတ်ရေးထိုးခဲ့တာပါ။

ဂါဇာမှာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ဝန်ကြီးချုပ် နေတန်ညာဟုကို ICC က ပြီးခဲ့တဲ့နှစ် နိုဝင်ဘာမှာ ဖမ်းဝရမ်း ထုတ်ခဲ့ပါတယ်။

အဲဒီ စွပ်စွဲချက်တွေကို အစ္စရေးက ပယ်ချထားပြီး ICC ရဲ့ ဖမ်းဝရမ်း ထုတ်မှုမှာ ဟားမာ့စ်အဖွဲ့ရဲ့ တပ်မှူး တစ်ဦးလည်း ပါဝင်နေပါတယ်။

တရားရုံးရဲ့ အိမ်ရှင်နိုင်ငံဖြစ်တဲ့ နယ်သာလန်က သမ္မတ ထရန့်ရဲ့ ညွှန်ကြားချက်ကြောင့် စိတ်ပျက်မိကြောင်း ပြောဆိုထားပါတယ်။

ပြစ်ဒဏ်ကင်းလွတ်ခွင့် ရနေမှုကို တားဆီးတိုက်ဖျက်ရာမှာ တရားရုံးရဲ့ ကြိုးပမ်းမှုဟာ မဖြစ်မနေ လိုအပ်တယ်လို့ နယ်သာလန် နိုင်ငံခြားရေး ဝန်ကြီး ကက်စပါက လူမှုမီဒီယာမှာ ရေးသား ဖော်ပြထားပါတယ်။

ဖေဖော်ဝါရီ ၆ ရက်က ထွက်ပေါ်လာတဲ့ အိမ်ဖြူတော် စာချွန်လွှာ တစ်ခုမှာ ICC ဟာ တစ်ပြိုင်နက်တည်း ဖမ်းဝရမ်း ထုတ်ပြီးတော့ အစ္စရေးနဲ့ ဟားမာ့စ်ကြား ကျင့်ဝတ်ပိုင်း တူနေသယောင် ဖန်တီးနေတယ်လို့ စွပ်စွဲ ထားတာပါ။

ICC ရဲ့ မကြာသေးခင်က လုပ်ရပ်ဟာ အမေရိကန်နိုင်ငံသားတွေကို အနှောင့်အယှက်ပေးမှု၊ အန္တရာယ်ပေးမှု ဖြစ်တယ်လို့ ထရန့်က ပြောပါတယ်။

အမေရိကန်ဟာ ICC အဖွဲ့ဝင်နိုင်ငံ မဟုတ်ဘဲ အမေရိကန် အရာရှိတွေနဲ့နိုင်ငံသားတွေကို ဖမ်းဆီးဖို့ တရားရုံးရဲ့ ကြိုးပမ်းမှုတွေကို အကြိမ်ကြိမ် ပယ်ချခဲ့ပါတယ်။

ICC ဟာ အီရန်နဲ့ အစ္စရေး ဆန့်ကျင်ရေး အုပ်စုတွေကို မျက်ကွယ်ပြုထားပြီး အစ္စရေးရဲ့ ကိုယ့်ကိုယ်ကို ခုခံ ကာကွယ်ပိုင်ခွင့်ကို ကန့်သတ် ထိန်းချုပ်ဖို့ လုပ်ဆောင်နေတယ်လို့ အိမ်ဖြူတော်က စွပ်စွဲထားပါတယ်။

ထရန့်က သူ့ရဲ့ ပထမ သမ္မတသက်တမ်းအတွင်းမှာလည်း အာဖဂန်နစ္စတန်မှာ စစ်ရာဇဝတ်မှု ကျူးလွန်တယ်လို့ သံသယ ရှိတဲ့ အမေရိကန် တပ်ဖွဲ့တွေကို စုံစမ်း စစ်ဆေးတဲ့ ICC အရာရှိတွေအပေါ် အရေးယူ ပိတ်ဆို့မှု ပြုလုပ်ခဲ့ဖူးပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.