နေပြည်တော် ၊ ဖေဖော်ဝါရီ ၈
စစ်မှုထမ်းရရှိရေးအတွက် နည်းလမ်းမျိုးစုံနဲ့ ကြိုးပမ်းနေတဲ့ စစ်ကောင်စီက အသက် ၁၈ နှစ်မပြည့်သူတွေကို စစ်မှုထမ်းမခေါ်ဖို့နဲ့ အသက်မပြည့်သေးတဲ့ တပ်သားတွေ စိစစ်တွေ့ရှိရင် မိဘအုပ်ထိန်း သူထံအပ်နှံဖို့ ပြောဆိုလာပါတယ်။
ဖေဖော်ဝါရီ ၆ ရက်နေ့က နေပြည်တော်မှာပြုလုပ်တဲ့ အရွယ်မရောက်သေးသူ ကလေးသူငယ်တွေ စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးကော်မတီ အစည်းအဝေးမှာ စစ်ကောင်စီရဲ့ ကာ ကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ပြောဆိုလာတာပါ။
ဗိုလ်ချုပ်ကြီး မောင်မောင်အေးက စစ်မှုထမ်းနည်းဥပဒေကို ဇန်နဝါရီ ၂၃ ရက်နေ့မှာ အတည်ပြုပြဌာန်းလိုက်ပြီး ဖြစ်တဲ့အတွက် စစ်မှုထမ်းဆင့်ခေါ်ရာမှာ အသက် ၁၈ နှစ် မပြည့်သူတွေ မပါရှိ စေရေး စနစ်တကျကြပ်မတ်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်တပ်အတွင်းမှာ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေကို စစ်သည်အဖြစ် စု ဆောင်းတာနဲ့ အသုံးပြုမှု မရှိစေရေး၊ တာဝန်ထမ်းဆောင်ဖို့ ဝင်ရောက်လာတဲ့ သံသယဖြစ်ဖွယ် လူ ငယ်တွေကို လက်ခံမှုမရှိစေရေး စိစစ်ကြပ်မတ်ကြဖို့ ပြောလာတာပါ။
မွန်ပြည်ကာကွယ်ရေးတပ် MSDF ပြောခွင့်ရ ဒေါက်တာသီရိမွန်ချမ်းကတော့ စစ်ကောင်စီက အ သက်မပြည့်သူတွေကို စစ်မှုထမ်းမခေါ်ဖို့ ပြောဆိုနေပေမယ့် မြေပြင်အခြေအနေမှာ အသက်မပြည့်သေးတဲ့ ကျဆုံးသွားတဲ့ စစ်ကောင်စီတပ်သား အများအပြား တွေ့နေရတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“စစ်ကောင်စီက စစ်မှုထမ်းဖို့ အသက် ၁၈ နှစ်နဲ့ ၃၅ နှစ်ကြား အမျိုးသားများနဲ့ အသက် ၁၈ နှစ်ကနေ ၂၇ နှစ်ကြား အမျိုးသမီးများကို စစ်မှုထမ်းဖို့ ခေါ်ယူတယ်လို့ ပြောထားတယ်။ မြေပြင်အခြေအနေအရရော မြေပြင်က မိမိတို့တပ်နဲ့ ထိတွေ့ တိုက်ပွဲတွေမှာ အသက်အရွယမပြည့်တဲ့ နောက်ပြီးတော့ စစ်ရေး အတွေ့အကြုံမရှိတဲ့ ကျဆုံးသွားတဲ့ တပ်သားသစ်အများအပြားပါတယ်လို့ မိမိတို့တပ်တွေရဲ့ စစ်ရေးအစီရင်ခံချက်တွေမှာ အများအပြားတွေ့ရှိခဲ့ရပါတယ်”လို့ ဆိုပါတယ်။
လက်ရှိမှာလည်း စစ်ကောင်စီဟာ စစ်မှုထမ်းသင်တန်းတွေမှာ တက်ရောက်သူ နည်းပါးလာတာကြောင့် အသက်မပြည့်သေးတဲ့ လူငယ်တွေကို ဒေသအသီးသီးမှာ အတင်းအဓမ္မ စစ်သားစုဆောင်းနေတာတွေ့နေရတယ်လို့ သူက ဆက်ပြောပါတယ်။
ဒါပေမယ့် စစ်ကောင်စီဘက်ကတော့ ၂၀၁၂ ခုနှစ်ကနေ ဒီကနေ့အထိ အသက်မပြည့်သေးတဲ့ က လေးစစ်သား ၁၀၅၇ ဦးကို မှားယွင်းစုဆောင်းမိတာကြောင့် စစ်တပ်မှနုတ်ထွက်ခွင့်ပြုခဲ့ပြီး မိသားစုထံ ပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့ ဆိုပါတယ်။
နိုင်ငံအနှံ့ တိုက်ပွဲတွေတိုင်းမှာ စစ်ရှုံးနေတဲ့ စစ်ကောင်စီတပ်ဟာ တပ်သားသစ်ရရှိရေးအတွက် နည်းလမ်းမျိုးစုံ အသုံးပြုလာသလို အရွယ်ရောက်ပြီးသာ နိုင်ငံသားတိုင်း ပြည်ပထွက်ခွင့်မရှိဘဲ စစ်တပ်ထဲ သွတ်သွင်းမယ့် စစ်မှုထမ်းနည်းဥပဒေကိုပါ ပြဌာန်းထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-SAC