စင်ကာပူ၊ ဖေဖော်ဝါရီ ၇

မြန်မာ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ လုပ်ငန်းတစ်ခုနဲ့ မိမိတို့ရဲ့ လုပ်ငန်းတစ်ခုကြား မျှဝေထုတ်လုပ်ရေး စာချုပ်သက်တမ်းတိုးတာဟာ ၂၀၂၁ ခုနှစ် အာဏာမသိမ်းခင် နှစ်အနည်းငယ်အကြာကတည်းက သက်တမ်းတိုးခဲ့တာ ဖြစ်တယ်လို့ စင်ကာပူ အဓိက ဘုတ်စာရင်းဝင် ရေနံလုပ်ငန်း Interra Resources က ဖေဖော်ဝါရီ ၆ ရက်မှာ ပြောကြား လိုက်ပါတယ်။

Interra Resources ကုမ္ပဏီဟာ စစ်ကောင်စီကို ဒေါ်လာ သန်း ၁၅၀ တန်ဖိုးရှိ ရေနံတွေ ထောက်ပံ့ကူညီခဲ့ပြီး စစ်ရာဇဝတ်မှုတွေအတွက် လောင်စာထည့်ပေးခဲ့တယ်လို့ တက်ကြွလှုပ်ရှားသူများအဖွဲ့ Justice for Myanmar က ဇန်နဝါရီ ၂၉ ရက် ထုတ်ပြန်ချက်မှာ စွပ်စွဲခဲ့တာပါ။

ဒီလို စွပ်စွဲချက် ထွက်လာပြီးနောက် စင်ကာပူ စတော့ရှယ်ယာ အုပ်စုက စုံစမ်း စစ်ဆေးရာမှာ Interra Resources က အခုလိုမျိုး တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။

မိမိတို့ရဲ့ လက်ရှိ စာချုပ်တွေဟာ မြန်မာနိုင်ငံမှာ အာဏာမသိမ်းခင် အရပ်သားအစိုးရ လက်ထက်ကတည်းက လက်မှတ်ရေးထိုးထားခဲ့တာ ဖြစ်တယ်လို့ Interra Resources က ပြောပါတယ်။

Interra Resources က သူတို့ရဲ့ အစုရှယ်ယာတွေ ရောင်းဝယ်မှုကို ဖေဖော်ဝါရီ ၇ ရက် ဈေးကွက် ပြန်မဖွင့်ခင်အချိန်အထိ ဆိုင်းငံ့ထားဖို့ ဖေဖော်ဝါရီ ၆ ရက်က စင်ကာပူ စတော့ရှယ်ယာအုပ်စုထံ တောင်းဆိုခဲ့ပါတယ်။

အဲဒီလို သူတို့ကိုယ်တိုင် ရပ်ဆိုင်းထားတာက ၃ ရက်အထိ ကြာနိုင်ပြီး ရှယ်ယာ အရောင်းအဝယ် ပြန်ဖွင့်မယ်ဆိုရင် စင်ကာပူ စတော့ရှယ်ယာ အုပ်စုရဲ့ ခွင့်ပြုချက် တရားဝင် တောင်းခံရမှာ ဖြစ်ပါတယ်။

Interra Resources ဟာ Goldpetrol Joint Operating Company (GJOC) ရဲ့ အစုရှယ်ယာ ၆၀ ရာခိုင်နှုန်းနဲ့ သက်ဆိုင်နေကြောင်း သူတို့ရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

GJOC ဟာ မြန်မာနိုင်ငံက ချောက်နဲ့ ရဲရန်အောင် ရေနံကွင်းတွေမှာ ရေနံ ထုတ်လုပ်နေတဲ့ လုပ်ငန်းနှစ်ခုကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။

GJOC က ရေနံ ရှာဖွေရေး ထုတ်လုပ်ရေး မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်း MOGE နဲ့ ၁၉၉၆ က သဘောတူညီမှု လက်မှတ် ရေးထိုးထားပါတယ်။အဲဒီ သဘောတူညီမှုကို ၂၀၁၇ ခုနှစ် ဧပြီလက ၁၁ နှစ်စာ သက်တမ်း တိုးခဲ့ပါတယ်။

GJOC ဟာ သူတို့ထုတ်လုပ်လိုက်တဲ့ ရေနံတွေကို MOGE က ဖြန့်ဝေမှုအပေါ် ထိန်းချုပ်ထားတာ မရှိသလို ကန့်သတ်ထားတာလည်း မရှိဘူးလို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မိမိတို့ အပေါ် စွပ်စွဲချက်ဟာ စိတ်ခံစားချက်ကို အခြေခံတဲ့ စွပ်စွဲချက် ဖြစ်တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အာဏာသိမ်းပြီးနောက် MOGE ကို အမေရိကန်နဲ့ အီးယူ ဥရောပသမဂ္ဂတို့က အရေးယူ ပိတ်ဆို့မှုတွေ ပြုလုပ်ထားပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း GJOC က ရေနံ ထုတ်လုပ်မှု အရှိန်မြှင့်နေတယ်ဆိုတဲ့ Justice for Myanmar ရဲ့ ဖော်ပြချက်ကိုလည်း ပယ်ချထားပါတယ်။

Ref:CNA / Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.