ကျောက်ကြီး၊ ဖေဖော်ဝါရီ ၆

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်လေးဦး လက်နက်နဲ့တကွ အလင်းဝင်လာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ဖေဖော်ဝါရီ ၅ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၄ ရက်နေ့က ကျောက်ကြီးမြို့နယ်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း ၉ ထံ လက်နက်နဲ့တကွ အလင်းဝင်လာတာပါ။

အလင်းဝင်လာတဲ့ တပ်ဖွဲ့ဝင်လေးဦးဟာ ကော့သောင်းမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၅၈၄ တပ်ရင်းက ဒုတပ်ကြပ် ညီညီလွင်၊ တပ်သားတွေဖြစ်တဲ့ မြင့်ဝင်း၊ မျိုးမင်းသက်၊ စောအေးဖရေတို့ ဖြစ်ပါတယ်။

သူတို့ လေးဦးဟာ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် ပေါ်တာဆွဲခံရပြီးနောက် စစ်ကောင်စီတပ်မှာ အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းခံခဲ့ရသူတွေ ဖြစ်တယ်လို့ KNU က ဆိုပါတယ်။

လက်နက်နဲ့တကွ အလင်းဝင်လာတဲ့ တပ်ဖွဲ့ဝင်လေးဦးကို KNU က တစ်ဦးလျှင် ကျပ်ငွေ ၁၀ သိန်းစီ ချီးမြှင့်ပေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအပါအဝင် စစ်မှုထမ်း စစ်သားစုဆောင်းခံရတဲ့ တပ်သားတွေအနေနဲ့ နီးစပ်ရာ တိုင်းရင်းသား တော်လှန်ရေးတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထံ ရရာနည်းလမ်းတွေနဲ့ လက်နက်ချအလင်းဝင်ကြဖို့ တိုက်တွန်းထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.