သိမ်ဇရပ်၊ ဖေဖော်ဝါရီ ၆

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့အနီး ကျောက်မိုင်းနေရာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် ဒရုန်းနဲ့တိုက်ခိုက်ခံရတာကြောင့် ထိခိုက်သေဆုံးမှု ရှိနိုင်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၄ ရက်နေ့က ညနေ ၅ နာရီခွဲအချိန်လောက်မှာ ကျောက်မိုင်းရဲ့ ရုံးအဆောက်အ ဦးတွေအတွင်း ဝင်ရောက်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးအင်အားစုတွေက ဒရုန်းနဲ့ဗုံးချ တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုအတွင်း ဒရုန်းဗုံးဟာ စစ်ကောင်စီတပ်ရဲ့ ထမင်းချက်အဆောင်အပေါ် ကျရောက် ပေါက်ကွဲခဲ့တယ်လို့ ကျိုက်ထိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒရုန်းနဲ့တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက်က လက်နက်ကြီး၊ လက်နက်ငယ် ရမ်းသမ်းပစ် ခတ်တာတွေရှိပေမယ့် တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို ကျိုက်ထိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA အပါအဝင် တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ပါဝင်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

တော်လှန်ရေးအင်အားစုတွေ လှုပ်ရှားမှု အားကောင်းတဲ့ သိမ်ဇရပ်မြို့မှာ အခုနှစ်ဆန်းပိုင်းကစပြီး နှစ်ဖက်အပြန်အလှန် တိုက်ခိုက်မှုတွေ ခပ်စိပ်စိပ် ပြန်လည်ဖြစ်ပွားနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.