ရေး၊ ဖေဖော်ဝါရီ ၆

မွန်ပြည်နယ် ရေးမြို့ရှိ ရေးမြို့မရဲစခန်း ပစ်ခတ်မှုအတွင်း ပြန်လည်ဖမ်းဆီးခံရတဲ့ အချုပ်သား ခုနှစ်ဦး ပစ်သတ်ခံလိုက်ရတယ်လို့ မိသားစုဝင်တွေအပါအဝင် ရဲစခန်းနဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ရေးမြို့မရဲစခန်းရှိ ဒုရဲအုပ်နိုင်လွင်ဦး ဦးဆောင်တဲ့အဖွဲ့က အချုပ် ခန်းထမင်းပုံး လာပို့ဆောင်စဉ် အချုပ်သားတွေက သေနတ်လုယက် ပစ်ခတ်ထွက်ပြေးမှု ဖြစ်ပွားခဲ့တာပါ။

ဒီပစ်ခတ်မှုအတွင်း ဒုရဲအုပ်နိုင်လွင်ဦး၊ ရဲတပ်ကြပ်မြင့်ထွန်း၊ ရဲတပ်သားကျော်စွာထက်နဲ့ အချုပ်သား တစ်ဦးတို့ဟာ အခင်းဖြစ်ရပ်နေရာမှာပဲ သေဆုံးခဲ့တာပါ။

အဲဒီပစ်ခတ်မှုမှာ ထွက်ပြေးလွတ်မြောက်သွားသူတချို့နဲ့ ပစ်ခတ်မှုအတွင်း ပါဝင်သူခုနှစ်ဦး ဖမ်းဆီးခံခဲ့ရပြီးနောက် စစ်ကောင်စီဘက်က သေနတ်နဲ့ ပစ်သတ်ခဲ့တာဖြစ်တယ်လို့ ရဲစခန်းနဲ့နီးစပ်သူ တစ်ဦးက ပြောပါတယ်။

ပစ်သတ်ခံရသူ ခုနှစ်ဦးထဲမှာ ပစ်ခတ်မှုဖြစ်တဲ့နေ့က ထွက်ပြေးလွတ်မြောက်လာတဲ့ ရေးမြို့အဏ္ဏဝါရပ်ကွက်နေ မူးယစ်ဆေးဝါးအမှုနဲ့ ဖမ်းဆီးခံထားရတဲ့ လူငယ်တစ်ဦးဟာ အုပ်ချုပ်ရေးမှူးနဲ့မိဘဖြစ်သူတွေက ရဲစခန်းထံ ပြန်အပ်ပြီးနောက် အသတ်ခံလိုက်ရတာပါ။

ရဲစခန်းနဲ့နီးစပ်သူတွေရဲ့ အဆိုအရ ပစ်သတ်ခံလိုက်ရတဲ့ အချုပ်သားတွေဟာ ရေး၊ လမိုင်းနဲ့ ရန်ကုန်မြို့တို့က မူးယစ်ဆေးဝါးအမှုအပါအဝင် နိုင်ငံရေးပုဒ်မတွေနဲ့ ဖမ်းဆီးခံထားရတဲ့သူတွေ ဖြစ်တယ်လို့ သိရပါတယ်။

ရေးမြို့မရဲစခန်း ပစ်ခတ်မှုမှာတော့ ထွက်ပြေးလွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသား သုံးဦးကို ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ ရေးဘီလူးအဖွဲ့ ပြန်လည်ကယ်ဆယ်ထားပါတယ်။

အဲဒီပစ်ခတ်မှုအတွင်း ပြင်းထန်ဒဏ်ရာရရှိခဲ့တဲ့ ရေးမြို့မရဲစခန်းမှူး ဒုရဲမှူးမြင့်ဦးကတော့ ယာဘက်ရင်အုံ ကျည်ဖောက်ဝင်ဒဏ်ရာနဲ့ မော်လမြိုင်ပြည်သူ့ဆေးရုံရဲ့ အရေးပေါ်အဆောင်မှာ တက်ရောက်ကုသနေရပါတယ်။

ရေးမြို့မရဲစခန်းအချုပ်အတွင်း နိုင်ငံရေးပုဒ်မ၊ အကြမ်းဖက်ပုဒ်မတွေအပါအဝင် အခြားအမှုတွေနဲ့ ဖမ်းဆီးခံထားရတဲ့ အချုပ်သား ၁၀၀ နီးပါး ရှိတယ်လို့ ရဲစခန်းနဲ့နီးစပ်သူတွေထံက သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.