ရေး၊ ဖေဖော်ဝါရီ ၅
မွန်ပြည်နယ် ရေးမြို့နယ် နှင်းစုံကျေးရွာ တံတားအနီး တပ်စွဲထားတဲ့ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ဒီကနေ့ ဖေဖော်ဝါရီ ၅ ရက်နေ့ မနက် ၆ နာရီအချိန်ခန့်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ NMSP AD က သတင်းထုတ်ပြန်ပါတယ်။
အချိန် တစ်နာရီနီးပါးကြာ ဖြစ်ပွားခဲ့တဲ့ အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ငါးဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာရသူ အများအပြား ရှိသလို မွန်ပြည်သစ် AD ဘက်က ရဲဘော် တစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲပြီးနောက် ရေးမြို့နယ် အာယုတောင်ကျေးရွာအခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၃၄၃ ၊ ၅၈၇ ခြေမြန်တပ်ရင်းတွေကနေ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
နှင်းစုံစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က လက်ရှိအချိန်ထိ တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – NMSP AD