မော်လမြိုင် ၊ ဖေဖော်ဝါရီ ၆
မွန်တပ်လေးတပ်ကနေ ဖွဲ့စည်းခဲ့တဲ့ ရာမညစစ်ကြောင်းဟာ အခုနှစ်ပထမလေးလပတ်အတွင်း ထိုး စစ်အသွင် စစ်ဆင်ရေးလုပ်ဖို့ အဆင်သင့်မဖြစ်နိုင်သေးဘူးလို့ ရာမညဖက်ဒရယ်အင်အားစုသစ် NRFF က ထုတ်ပြန်တဲ့ စာတမ်းမှာ ဖော်ပြပါတယ်။
မွန်တပ်တော်ဆီသို့ ကိုယ်ပိုင်ပြဌာန်းခွင့် ပြေးလမ်းပေါ်က မွန်တပ်ပေါင်းစုဆိုတဲ့ ပေါင်းစည်းခြင်းဆိုင်ရာ ထူးခြားဖြစ်စဉ်တွေ ဆန်းစစ်သုံးသပ်ချက်တွေနဲ့ အကြုံပြုချက်တွေပါတဲ့ စာတမ်းကို NRFF က ဖေဖော်ဝါရီ ၄ ရက်နေ့မှာ လူထုထံ မိတ်ဆက်ပေးခဲ့တာပါ။
ရာမညစစ်ကြောင်းအနေနဲ့ အခုနှစ် ပထမလေးလပတ်အတွင်း ပူးပေါင်းစစ်ရေးလေ့ကျင့်မှုတွေရှိနိုင်ပေမယ့် ပူးတွဲစစ်ကြောင်းအနေနဲ့ရော တပ်ဖွဲ့တစ်ခုချင်းစီအနေနဲ့ပါ ထိုးစစ်အသွင် စစ်ဆင်ရေးလုပ်ဖို့ အဆင်သင့်မဖြစ်နိုင်သေးဘူးလို့ စာတမ်းက ဆိုပါတယ်။
ဒါပေမယ့် အဲဒီကာလအတွင်း ပြောက်ကျားစစ်ဆင်ရေးနဲ့ ဒရုန်းစစ်ဆင်ရေးတွေကတော့ မွန်ပြည်အ နှံ့ ကျယ်ပြန့်လာနိုင်ပြီး စစ်ကောင်စီဘက်ကလည်း စစ်မှုထမ်းဥပဒေနဲ့ အဓမ္မလူသစ်စုဆောင်းကာ မွန်တော်လှန်ရေးတပ်တွေကို တန်ပြန်တိုက်စစ်ဆင်လာနိုင်တယ်လို့ သုံးသပ်ထားတာပါ။
ရာမညစစ်ကြောင်းပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသီရိမွန်ချမ်းက စစ်ကြောင်းအနေနဲ့ စစ်ဆင်ရေးတွေ ဖော်ဆောင်နိုင်ဖို့ ဗျူဟာမြောက် စစ်လက်နက်တွေနဲ့ ခဲယမ်းတွေကို အဓိကရင်ဆိုင်နေရတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“တိုးတက်ပြောင်းလဲလာတဲ့ စစ်ရေးနည်းပညာတွေကြောင့် ကြီးမားတဲ့ဗျူဟာမြောက်စစ်ဆင်ရေးတွေ ဖော်ဆောင်တဲ့နေရာမှာ ဗျူဟာမြောက်စစ်အသုံးဆောင်လက်နက်နဲ့အတူ ခဲယမ်းမီးကျောက်တွေ မရှိမဖြစ်လိုအပ်တယ်။ ဒီဗျူဟာမြောက် စစ်အသုံးဆောင်လက်နက်ခဲယမ်းမီးကျောက်တွေရဲ့ ဈေးကလည်း အမတန်မြင့်မားလာတယ်။ ဒါကြောင့်မို့ ဗျူဟာမြောက် စစ်လက်နက်နဲ့ ခဲယမ်းမီး ကျောက်တွေ စုဆောင်းရမှုက အဓိကအခက်အခဲတစ်ခုလို့ ပြောလို့ရပါတယ် ခင်ဗျ” လို့ ဆိုပါတယ်။
နောက်ကျမှဝင်လာသူရဲ့ ကောင်းကျိုးအနေနဲ့ စစ်ရေးဖော်ဆောင်မှု၊ဘဏ္ဍာရေးရှာဖွေစုဆောင်းမှုနဲ့ လက်နက်ခဲယမ်းဖြည့်ဆည်းမှုတွေမှာ သတိဝိရိယရှိရှိနဲ့ လုပ်ဆောင်ကြဖို့ စာတမ်းမှာအကြုံပြုထားတာ တွေ့ရပါတယ်။
တစ်ခုတည်းသော မွန်တပ်တော်ပေါ်ထွန်းလာရေး ပထမအဆင့်အနေနဲ့ ပူးတွဲစစ်ဆင်ရေးတွေ ဖော်ဆောင်ဖို့ မွန်လက်နက်ကိုင်တပ်လေးတပ်က ရာမညပူးတွဲစစ်ကြောင်းကို ဖွဲ့စည်းလိုက်တယ်လို့ အာ ဏာသိမ်းလေးနှစ်ပြည့်ခါနီး ဇန်နဝါရီ ၁၉ ရက်နေ့မှာ ပူးတွဲကြေညာခဲ့ကြတာပါ။
ပူးတွဲစစ်ကြောင်းမှာ မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA၊ မွန်ပြည်သစ်ပါတီ AD ရဲ့ မွန်အမျိုး သားလွတ်မြောက်ရေးတပ်မတော် MNLA-AD၊ မွန်ပြည်ကာကွယ်ရေးတပ် MSDF နဲ့ မွန်ပြည်တော် လှန်ရေးတပ် MSRF တို့ ပါဝင်ပါတယ်။
ဖွဲ့စည်းပုံအရ စစ်ဆင်ရေးကွပ်ကွဲမှုပုံစံနဲ့ စစ်ကြောင်းကို စီမံခန့်ခွဲသွားမှာဖြစ်တဲ့အတွက် အဖွဲ့ဝင် ၈ ဦးပါတဲ့ စစ်ကြောင်းကြီးကြပ်ကွပ်ကွဲရေးအဖွဲ့က ဦးစီးသွားမှာဖြစ်ပြီး အဲဒီအောက်မှာ စစ်ဆင်ရေးမှူးတွေနဲ့ စစ်ကြောင်းမှူးတွေက စစ်ရေးဖော်ဆောင်သွားမှာပါ။
လက်ရှိ မွန်တပ်လေးတပ်ကနေ ပေးပို့လာတဲ့ထဲက စစ်ရေးအတွေ့အကြုံအရှိဆုံး နယ်မြေအကျွမ်းကျင်ဆုံး တပ်မှူးတွေကို စစ်ကြောင်းမှူးအဖြစ် ခန့်အပ်သွားမှာဖြစ်ပြီး စစ်ဆင်ရေးမှူးတွေကိုလည်း ရွေးချယ်တာဝန်ပေးထားပြီးပြီလို့ ဒေါက်တာသီရိမွန်ချမ်းက ရှင်းပြပါတယ်။
NRFF ကတော့ မွန်တပ်လေးတပ်ကြား နိုင်ငံရေးအရ ပေါင်းစည်းရေး အဆင်သင့်မဖြစ်သေးဘူးဆိုပေမယ့် မြေပြင်စစ်ရေးပူးပေါင်းမှုကနေတဆင့် ယုံကြည်မှုတည်ဆောက်နိုင်ဖို့ စစ်ကြောင်းကြီးကြပ်ရေးအဖွဲ့ရဲ့ လုပ်နိုင်စွမ်းအပေါ် မူတည်တယ်လို့ ထောက်ပြပါတယ်။
တစ်ဘက်မှာ အခြားသော ဒေသတွင်းအခြေစိုက် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ ရာမညစစ်ကြောင်းမှာ ပါဝင်လာနိုင်မယ့် အခင်းအကျင်းမျိုး ဖြစ်လာနိုင်မလားဆိုတာ စောင့်ကြည့်သင့်တယ်လို့ စာတမ်းမှာ ဖော်ပြထားတာ တွေ့ရပါတယ်။
ဒေါက်တာ သီရိမွန်ချမ်းကတော့ စစ်ကြောင်းမှာ အဓိက မွန်လက်နက်ကိုင်အဖွဲ့တွေနဲ့ စုဖွဲ့ထားတဲ့အတွက် အခြားတော်လှန်ရေးအဖွဲ့တွေ လောလောဆယ် ထပ်မံပါဝင်လာဖို့ မရှိသေးဘူးလို့ ပြောပါတယ်။
“ဒေသတွင်းအခြေစိုက် အခြားမွန်မဟုတ်တဲ့ တော်လှန်ရေးတပ်တွေ လောလောဆယ် ထပ်မံပါဝင်လာဖို့ မရှိဘူး။ သို့သော်ငြားလည်း ဖော်ဆောင်သွားမယ့် စစ်ဆင်ရေးအပေါ် မူတည်ပြီး မိမိတို့ရာမညပူးတွဲစစ်ကြောင်းနဲ့အတူ အခြားမဟာမိတ်တပ်ဖွဲ့တွေ အခြား PDF တပ်ဖွဲ့တွေနဲ့ ပူးတွဲစစ်ရေးဖော်ဆောင်မှုတွေ လုပ်ဆောင်သွားဖို့ စီစဉ်ထားပါတယ်”လို့ ဆိုပါတယ်။
ရာမညစစ်ကြောင်းရဲ့ ပူးတွဲလှုပ်ရှားမှု နောက်တဆင့်အနေနဲ့ မုတ်သုံရာသီမတိုင်မီ ဗျူဟာအရ အ ရေးပါတဲ့ စစ်ကောင်စီအခြေစိုက်စခန်း၊ လက်နက်ကြီးတပ်နဲ့ စစ်မှုထမ်းလေ့ကျင့်ရေးစခန်းတွေကို ထိုးစစ်ဆင်လာနိုင်ခြေရှိတယ်လို့ NRFF က သုံးသပ်ထားတာပါ။
တချိန်တည်းမှာပဲ ဆက်စပ်ဒေသရှိ ကရင်၊ တနင်္သာရီမဟာမိတ်တွေနဲ့ ပူးပေါင်းပြီး မွန်၊ကရင်၊တနင်္သာရီ စစ်ရေးလှုပ်ရှားမှုနယ်မြေ ချဲ့ထွင်ကာ စစ်ကောင်စီရဲ့ ထိန်းချုပ်နယ်မြေကို လျှော့ချလာနိုင်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် ၂၀၂၅ နှစ်ကုန်ပိုင်းမှာ မွန်နဲ့ ဆက်စပ်ဒေသအတွင်း စစ်ရေးလှုပ်ရှားမှုတွေ ပိုပြီး မြိုင်မြိုင် ဆိုင်ဆိုင်ဖြစ်လာနိုင်တယ်လို့ စာတမ်းမှာ ဖော်ပြပါတယ်။
ဒါပေမယ့် အခုနှစ်ထဲ ပဲခူးရိုးမအရှေ့ခြမ်းနဲ့ စစ်တောင်းမြစ်ဝှမ်းတခွင် မြို့သိမ်းတိုက်ပွဲကြီးတွေ မဖော်ဆောင်နိုင်သေးရင် မွန်ပြည်အတွင်း မြို့သိမ်းတိုက်ပွဲတွေ ဖြစ်လာနိုင်ခြေနဲ့ ထိန်းချုပ်နယ်မြေရလာနိုင်ခြေ နည်းနေသေးတယ်လို့ သုံးသပ်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ