မြဝတီ၊ ဖေဖော်ဝါရီ ၅
မြန်မာ-ထိုင်းနယ်စပ် မြဝတီ၊ ဘုရားသုံးဆူနဲ့ တာချီလိတ်မြို့ထံ ဖြန့်ဖြူးပေးဝေနေတဲ့ လျှပ်စစ်ဓာတ်အားတွေကို ဖေဖော်ဝါရီ ၅ ရက်နေ့ မနက်ပိုင်းမှာ တိုင်းအစိုးရက ဖြတ်တောက်လိုက်တယ်လို့ မြို့ခံဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ကျားဖြန့် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေဆီ လျှပ်စစ်ဓာတ်အားတွေ မရောက်ရှိဖို့အတွက် ထိုင်းအစိုးရက ဒီကနေ့ ဖေဖော်ဝါရီ ၅ ရက်နေ့ ထိုင်းစံတော်ချိန် မနက် ၉ နာရီအချိန်ကစပြီး ကရင်ပြည်နယ် ဘုရားသုံးဆူမြို့၊ မြဝတီမြို့နဲ့ ရှမ်းပြည်နယ် တာချီလိတ်မြို့တွေကို လျှပ်စစ်မီးဖြတ်တောက်ခဲ့တာပါ။

ထိုင်းအစိုးရဘက်က လျှပ်စစ်မီးဖြတ်တောက်လိုက်တဲ့အတွက် ဘုရားသုံးဆူမြို့ တစ်မြို့လုံးနဲ့ မြဝတီမြို့အပါအဝင် မြို့တောင်ဘက်ခြမ်းရှိ မယ်ထော်သလေး၊ မြို့မြောက်ဘက်ခြမ်းရှိ ရွှေကုက္ကိုလ်မြို့သစ်တွေမှာ လျှပ်စစ်မီးပြတ်တောက်နေပြီး ဒီလို လျှပ်စစ်မီးတွေပြတ်တောက်သွားခဲ့တာကြောင့် မြို့ခံတွေအတွက် အခက်ကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မီးပြတ်တောက်သွားတဲ့အတွက် မြဝတီမြို့ပေါ်က အောက်စီဂျင်စက်ရုံမှာလည်း မီးမရရှိတော့ကြောင့် လူနာတွေအတွက် အခက်ကြုံနေရပြီး လူနာတွေ အောက်စီဂျင်အသုံးပြုနိုင်ဖို့ အကောင်းဆုံးကြိုးစားဆောင်ရွက်ပေးသွားမယ်လို့ အသင်းတာဝန်ရှိသူတစ်ဦးကလည်း သူရဲ့လူမှုကွန်ရက်မှာ ရေးသားဖော်ပြထားပါတယ်။

မြဝတီမြို့မှာ လျှပ်စစ်မီးပြတ်တောက်မှုနဲ့အတူ စက်သုံးဆီဆိုင်မှာလည်း ဆီတွေပြတ်တောက်သွားမှာစိုးတဲ့အတွက် မြို့ခံတွေဟာ စက်သုံးဆီဆိုင်တွေမှာ အလုအယက်တန်းစီဝယ်ယူနေကြတာပါ။
ဒါ့အပြင် မြဝတီမြို့မြောက်ဘက် ကျားဖြန့်လုပ်ငန်းရှိရာ ကရင်နယ်ခြားစောင့်တပ် BGF ထိန်းချုပ်တဲ့ ရွှေကုက္ကိုလ်မြို့သစ်ထဲမှာလည်း ဖေဖော်ဝါရီ ၅ ရက်နေ့ မနက်ပိုင်းကစတင်ပြီး လျှပ်စစ်မီးပြတ်တောက်သွားခဲ့သလို စက်သုံးဆီတွေကိုလည်း အလုအယက် တန်းစီဝယ်ယူနေကြတယ်လို့ ရွှေကုက္ကိုလ်ဒေသခံတွေက ပြောပါတယ်။

“ဆီရောမီးရော ဖြတ်ထားတယ်။ လုပ်ငန်းလည်ပတ်ဖို့အတွက် လောလောဆယ် စက်သုံးဆီတွေနဲ့ပဲ လည်ပတ်လုပ်ဆောင်နေရတာပေါ့” လို့ ရွှေကုက္ကိုလ်ဒေသခံတစ်ဦးက ပြောပါတယ်။
ဘုရားသုံးဆူမြို့ပေါ်မှာလည်း ထိုင်းဘက်ခြမ်းက လျှပ်စစ်မီးနဲ့ စက်သုံးဆီတွေကို ဖြတ်တောက်လိုက်တဲ့အတွက် မြို့ပေါ်နေရာအားလုံးမှာ လျှပ်စစ်မီးပြတ်တောက်သွားခဲ့ပြီး ဒေသခံတွေဟာ စက်သုံးဆီဆိုင်တွေမှာ ဆီတွေကို ပုံးတွေနဲ့ အလုအယက် တန်းစီဝယ်ယူနေကြတယ်လို့ ဘုရားသုံးဆူဒေသခံတစ်ဦးက ပြောပါတယ်။

“ဒီမနက် ၈ နာရီ ၃၅ မှာ စပြီးတော့ဖြတ်လိုက်တယ်။ တစ်မြို့လုံး အားလုံးကို ဖြတ်လိုက်တယ်။ စက်သုံးဆီလည်းပါတယ်။ အခု (စက်သုံးဆီဝယ်ဖို့) တန်းစီနေရတာပေါ့။ လိုက်စုဝယ်နေကြတယ်လေ အဲ့လိုမျိုးဖြစ်တဲ့အခါကြတော့။ အခုကတော့ မြို့ထဲမှာတော့ ပုံးနဲ့ပုံးနဲ့ ဝယ်စုနေကြတယ်” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
ဘုရားသုံးဆူမြို့ပေါ်မှာ အရင်က စက်သုံးဆီ တစ်လီတာကို ဘတ် ၃၅ ရှိရာကနေ ဖေဖော်ဝါရီ ၅ ရက်နေ့မှာတော့ စက်သုံးဆီတစ်လီတာ ဘတ် ၆၀ အထိ ဈေးနှုန်းတစ်ဆနီးပါး ထိုးတက်မြင့်တက်သွားခဲ့သလို ထိုင်းကုန်ပစ္စည်းဈေးနှုန်းတွေလည်း ထပ်တက်လာဖို့ အနေအထားရှိနေတယ်လို့ ဒေသခံတွေက သုံးသပ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ