မနီလာ၊ ဇန်နဝါရီ ၃

တရုတ်အနေနဲ့ ဖိလစ်ပိုင်ရှိ အမေရိကန် ဒုံးကျည်စနစ်ကို အမေရိကန်ဆီ ပြန်လည် ပို့ဆောင်စေလိုတယ်ဆိုရင် အငြင်းပွားနေတဲ့ တောင်တရုတ် ပင်လယ်မှာ ရန်စနေတာတွေ ရပ်တန့်ဖို့ ဖိလစ်ပိုင်သမ္မတ မားကို့စ် ဂျူနီယာက ဇန်နဝါရီ ၃၁ ရက်မှာ ပြောကြားလိုက်ပါတယ်။

တိုက်ပွဲဝင်ဖို့ အသင့်ဖြစ်စေရေး ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေအတွက် အမေရိကန်က ဖိလစ်ပိုင်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့နှစ် ဧပြီလက တာလတ်ပစ် တိုင်ဖွန်း ဒုံးကျည်စနစ်ကို ချထားခဲ့တာပါ။

အဲဒီ ဒုံးကျည်စနစ် ဖယ်ရှားပေးဖို့ တရုတ်က ဖိလစ်ပိုင်ကို အကြိမ်ကြိမ် တောင်းဆိုခဲ့ပြီး အဲဒီလို အမေရိကန် ဒုံးကျည်စနစ် ချထားမှုကြောင့် ပထဝီနိုင်ငံရေး ထိပ်တိုက်တွေ့မှုနဲ့ လက်နက် ပြိုင်ဆိုင်မှုတွေ ဖြစ်လာနိုင်တယ်လို့ ပြောဆိုခဲ့ပါတယ်။

တရုတ်ရဲ့ ဝေဖန်မှုနဲ့ ပတ်သက်လို့ သတင်းထောက်တွေက မေးမြန်းရာမှာ သမ္မတ မားကို့စ်က တရုတ်မှာ မိမိတို့ထက် အဆပေါင်းများစွာ အားကောင်းတဲ့ ဒုံးကျည်တွေ ရှိနေပြီး သူတို့ရဲ့ ဒုံးကျည်စနစ်တွေနဲ့ ပတ်သက်လို့ ဖိလစ်ပိုင်က တစ်ခုမှ မဝေဖန်တဲ့အချိန်မှာ မိမိတို့ရဲ့ ဒုံးကျည်စနစ်ကို ဝေဖန်နေမှုအပေါ် နားမလည်နိုင် ဖြစ်ရတယ်လို့ ပြောပါတယ်။

မိမိတို့ နယ်နိမိတ်ကို ပိုင်ဆိုင်ပါတယ်လို့ ပြောဆိုနေတာတွေရပ်တန့်ပြီး မိမိတို့ ငါးဖမ်းသမားတွေကို အနှောင့်အယှက် မပေးဖို့ တောင်တရုတ် ပင်လယ်မှာ ရန်စနေတာတွေ ရပ်တန့်ပါ့မယ်လို့ သဘောတူရင် ဖိလစ်ပိုင်အနေနဲ့ အမေရိကန် ဒုံးကျည်စနစ်ကို ပြန်ပေးလိုက်မယ်လို့ သမ္မတ မားကို့စ်က ပြောဆိုတာပါ။

တရုတ်ရဲ့ လက်ရှိ လုပ်ဆောင်နေတဲ့ ရန်စမှုတွေ အားလုံးကို ရပ်တန့် လိုက်ရင် မိမိအနေနဲ့ အမေရိကန် ဒုံးကျည်စနစ်ကို ပြန်အပ်လိုက်မယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။

တာလတ်ပစ် ဒုံးကျည် အမျိုးမျိုး ပစ်လွှတ်နိုင်တဲ့ အမေရိကန် ဒုံးကျည် ကာကွယ်ရေးစနစ် ချထားမှုကြောင့် ပဋိပက္ခဖြစ်လာရင် သူတို့ရဲ့ပစ်မှတ်တွေ တိုက်ခိုက်ခံရမယ့် အန္တရာယ်နဲ့ ပတ်သက်လို့ တရုတ်က စိုးရိမ်နေပါတယ်။

တောင်တရုတ်ပင်လယ်မှာ တရုတ်နဲ့ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်တွေ မကြာခဏ အငြင်းပွား ထိပ်တိုက်တွေ့လေ့ရှိတဲ့ နေရာအနီးမှာ အဲဒီဒုံးကျည်စနစ်ကို ချထားကြောင်း အမည်မဖော်လိုတဲ့ စစ်ရေးသတင်းရင်းမြစ် တစ်ခုက ပြောကြားထားတာ ဖြစ်ပါတယ်။

Ref:AP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.