သရက်ချောင်း၊ ဇန်နဝါရီ ၃၀

တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်အောက်ဘက်ကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက် လာတာကြောင့် ကျေးရွာ ၇ ရွာက ဒေသခံ ၂၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စစ်ဘေးရှောင်အရေးကူညီနေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အင်းအား ၈၀ ဝန်းကျင်ပါတဲ့ စစ်ကောင်စီတပ်ဟာ ဝင်းဝစခန်းကနေ ဇန်နဝါရီ ၂၇ ရက်နေ့ မနက်ပိုင်းကစပြီး သရက်ချောင်းမြို့နယ် အောက်ဘက်ပိုင်းနဲ့ ချောင်းဝပြင်ကျေးရွာ အနီးတစ်ဝိုက်ကို စစ် ကြောင်းထိုး လှုပ်ရှားလာခဲ့တာပါ။

စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုး လှုပ်ရှားလာတာကြောင့် ချောင်းဝပြင်၊ သရက်ပင်အိုင်၊ ရေချိုချောင်း၊ ဂုံညှင်းဆိပ်၊ ဆီတောနဲ့ ချောက်ချောင်းစတဲ့ ကျေးရွာတွေက ဒေသခံ ၂၀၀၀ ကျော်ဟာ နီး စပ်ရာ တောတောင်တွေနဲ့ စစ်ဘေးရှောင်းစခန်းကို တိမ်းရှောင်နေရတာ ဖြစ်ပါတယ်။

အဲဒီထဲမှာ ရေချိုချောင်းနဲ့ ဂုံညှင်းဆိပ်ကျေးရွာတွေက ရွာလုံးကျွတ် တိမ်းရှောင်နေရပြီး တချို့ကျေး ရွာတွေကတော့ စစ်ကြောင်းထိုးရာလမ်းကြောင်းနဲ့ အနီးနားမှာရှိတာကြောင့် ဒေသခံတချို့တဝက်သာ ကြိုတင်တိမ်းရှောင်နေတာတွေ ရှိတယ်လို့ တောင်ပျောက်တိုက်နယ် စစ်ဘေးရှောင်ကူညီရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ဇန်နဝါရီ ၂၇ ရက်နေ့ကလည်း ချောင်းဝပြင်ကျေးရွာထဲကို ရောက်ရှိလာတဲ့ စစ်ကောင်စီတပ်ဟာ ဒေသခံအများအပြားဖမ်းဆီးခဲ့ပြီး ကျေးရွာဘုန်းကြီးကျောင်း ဆရာတော်ရဲ့ အာမခံချက်နဲ့ ပြန်လွှတ်လာခဲ့တယ်လို့ ဆိုပါတယ်။

တိမ်းရှောင်နေရတဲ့ ဒေသခံတွေထဲက ၁၀၀ ဝန်းကျင်လောက်သာ တောင်ပျောက်တိုက်နယ် စစ်ဘေးရှောင်ကူညီရေးစခန်းမှာ လာရောက်နေထိုင်တာရှိပြီး ကျန်တဲ့သူတွေက နီးစပ်ရာတောတောင်နဲ့ ဥ ယျာဉ်ခြံတွေမှာ တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဟာ သရက်ချောင်းမြို့နယ်အောက်ဘက် ဂုံညှင်းဆိပ်ရွာအနီးက သဲလမ်းကျေးရွာကို ရောက်ရှိနေပြီး ကင်းပုန်းဝပ်တာတွေ လုပ်ဆောင်တယ်လို့ ဆိုပါတယ်။

ဒေသအခြေစိုက်သုတေသနအဖွဲ့ဖြစ်တဲ့ FE5 Tanintharyi ရဲ့အစီရင်ခံစာအရ တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်း တိုက်ပွဲနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသူ ၆၅,၈၀၀ ကျော်အထိရှိခဲ့တာပါ။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.