ဝါရှင်တန်၊ ဇန်နဝါရီ ၂၉
အမေရိကန် အစိုးရဝန်ထမ်း အရေအတွက် လျော့နည်းသွားစေဖို့ ရည်ရွယ်တဲ့ ကြီးကြီးမားမား လုပ်ရပ်အနေနဲ့ သမ္မတ ဒေါ်နယ်ထရန့်က အလုပ်ပြန် မဆင်းချင်တော့တဲ့ နိုင်ငံ့ဝန်ထမ်း အားလုံး နီးပါးကို ငွေကြေးသုံးပြီး ထုတ်ပယ်မယ့် အစီအစဉ်တစ်ရပ် ကြေညာလိုက်ပါတယ်။
ဇန်နဝါရီ ၂၈ ရက်က သန်းနဲ့ချီတဲ့ နိုင်ငံ့ဝန်ထမ်းတွေဆီ ပေးပို့ခဲ့တဲ့ အီးမေးလ်ထဲ အလုပ်ထွက်ရေး အစီအစဉ်မှာ ပါဝင်မယ်၊ မပါဝင်ဘူးဆိုတာကို ဖေဖော်ဝါရီ ၆ ရက် မတိုင်ခင် ဆုံးဖြတ်ကြရမယ်လို့ ထရန့်အစိုးရက အသိပေးထားပါတယ်။

အဲဒီ ရက်မတိုင်ခင် အလုပ်က နုတ်ထွက်မယ်ဆိုရင် ဝန်ထမ်းတွေအနေနဲ့ သူတို့ရဲ့ ၈ လစာ လစာ ရရှိမှာ ဖြစ်တယ်လို့ အမေရိကန်အစိုးရက အသိပေးထားပါတယ်။
အဲဒီကမ်းလှမ်းမှုကို ဝန်ထမ်း ၁၀ ရာခိုင်နှုန်းလောက်က လက်ခံလိမ့်မယ်လို့ ထရန့်အစိုးရက မျှော်လင့်ထားပြီး ဖက်ဒရယ်အစိုးရ ခန့်ထားတဲ့ အလုပ်သမား နှစ်သန်းကျော်ထဲက နှစ်သိန်းလောက် ၈ လစာ ယူပြီး အလုပ်ထွက်ကြလိမ့်မယ်လို့ ခန့်မှန်းထားတာ ဖြစ်ပါတယ်။
ဒီလို ၈ လစာ ပေးပြီး အလုပ်ထွက်ခိုင်းတဲ့ အစီအစဉ်ကြောင့် အစိုးရ အနေနဲ့ ဒေါ်လာ ၁၀၀ ဘီလီယံ သက်သာလိမ့်မယ်လို့ အမေရိကန် အကြီးတန်း အစိုးရအရာရှိတွေက ပြောဆိုထားတာပါ။

ဒါပေမဲ့ ဒီကမ်းလှမ်းမှုမှာ စာတိုက်ဝန်ထမ်းတွေ၊ စစ်ဖက်ဆိုင်ရာအဖွဲ့ဝင်တွေ၊ လူဝင်မှုကြီးကြပ်ရေး အရာရှိတွေနဲ့ အမျိုးသားလုံခြုံရေး အလုပ်သမား တချို့ ပါဝင်မှု မရှိဘူးလို့ သိရပါတယ်။
ကမ္ဘာ့ကပ်ရောဂါကာလကတည်းက အိမ်ကနေ အလုပ်လုပ်နေတဲ့ အလုပ်သမားတွေအနေနဲ့ တစ်ပတ်ကို ၅ ရက် ရုံးတက်ရမယ်လို့လည်း သမ္မတ ထရန့်က ညွှန်ကြားထားပါတယ်။
အစိုးရဝန်ထမ်း အရေအတွက်နဲ့ ဖက်ဒရယ် အသုံးစရိတ်ကို သိသိသာသာ လျှော့ချသွားမှာ ဖြစ်ကြောင်း သမ္မတ ထရန့်က မဲဆွယ်ချိန် ကတည်းက အကြိမ်ကြိမ် ပြောကြားထားတာပါ။
ထရန့်က ကမ္ဘာ့ အဖွဲ့အစည်းတော်တော်များများဆီ ပေးနေတဲ့ အမေရိကန် အကူအညီတွေကိုလည်း ရပ်ဆိုင်းပြီး နိုင်ငံ့ အသုံးစရိတ် လျှော့ချဖို့ လုပ်ဆောင်နေပါတယ်။
ဒီအတောအတွင်း အမေရိကန်ရဲ့ အကူအညီပေးမှု ရပ်ဆိုင်းလိုက်တာကြောင့် ထိုင်းမှာ ဆေးရုံတက်နေကြတဲ့ မြန်မာဒုက္ခသည်တွေ ဆေးရုံကနေ ရုတ်တရက် ဆင်းပေးလိုက်ရပါတယ်။
ထရန့်က အခုလို အစိုးရအသုံးစရိတ် လျှော့ချတာအပြင် အစိုးရရဲ့ ငွေသုံးစွဲမှု ထိရောက်မှု ရှိ၊မရှိ စစ်ဆေးဖို့ ဌာန တစ်ခုကိုလည်း တာဝန် ပေးထားတာ ဖြစ်ပါတယ်။
Ref:BBC