မော်လမြိုင် ၊ ဇန်နဝါရီ ၃၀

မွန်ပြည်နယ်မှာ ဆောက်လုပ်ရေးလုပ်ငန်းသုံး ဘိလပ်မြေပြတ်လပ်လာမှုနဲ့အတူ ဈေးနှုန်းအဆမတန် မြင့်တက်လာတာကြောင့် ဆောက်လုပ်ရေး လုပ်ငန်းအများစု ရပ်နားလာကြတယ်လို့ လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်းသုံး ဘိလပ်မြေတွေဟာ ဇန်နဝါရီ ဒုတိယအပတ်ကစပြီး ပြည်နယ်အ တွင်း ဝင်ရောက်မှု သိသိသာသာ ကျဆင်းလာပြီးနောက် ပစ္စည်းပြတ်လပ်တဲ့အထိ ဖြစ်ပေါ်နေတာပါ။

ဘိလပ်မြေ ပြတ်လပ်လာမှုနဲ့အတူ ဘိလပ်မြေဈေးနှုန်းကလည်း တစ်အိတ်ကို ကျပ် ၁၈၀၀၀ ကနေ ကျပ် ၃၅၀၀၀ အထိ ဈေးနှုန်းနှစ်ဆ နီးပါး မြင့်တက်လာပြီး လိုသလောက် ဝယ်ယူလို့မရတဲ့ အခြေအ နေနဲ့ ကြုံနေရပါတယ်။

ဆောက်လုပ်ရေး လုပ်ငန်းရှင်တစ်ဦးကတော့ ဘိလပ်မြေပြတ်လပ်မှုကြောင့် ဆောက်လုပ်ရေး လုပ် ငန်းအကြီးတွေကအစ လုပ်ငန်းရပ်နားလာရတယ်လို့ ပြောပါတယ်။

“လုပ်ငန်းရပ်နားလိုက်လို့ တချို့ဆောက်လုပ်ရေးကုမ္ပဏီတွေ လိုင်းပေါ် တင်ခံရတာ။ ဘာလဲဆိုတော့ နာမည်ပျက်တာပေါ့။ အခုဆိုရင် နာမည်ရှိပြီးသာ ကုမ္ပဏီတွေတောင် လုပ်ငန်းရပ်ဆိုင်းရတာတွေလည်း အများကြီးပဲပေါ့။ ကျွန်တော်တို့ကတော့ ပေါင်နှံရောင်းချပြီး လုပ်ရတာပေါ့။ အခုက အဲဒီလိုမျိုးကြီးပဲ ”လို့ ဆိုပါတယ်။

ဘိလပ်မြေပြတ်လပ်မှုဟာ ဘိလပ်မြေထုတ်လုပ်ရာမှာ အဓိကအသုံးပြုရတဲ့ ဂျော်ဒန်ကျောက်အပါ အဝင် ကုန်ကြမ်းပစ္စည်းအများစု ပြတ်လပ်လာတာ၊ ဘိလပ်မြေစက်ရုံတွေမှာ ထုတ်လုပ်မှု ကျဆင်းလာမှုနဲ့အတူသယ်ယူပို့ဆောင်ရေး အခက်အခဲတွေကြောင့်လို့ လုပ်ငန်းရှင်တွေက ပြောကြပါတယ်။

ဘိလပ်မြေ ပြတ်လပ်လာမှုနဲ့အတူ အရင်လို ဘိလပ်မြေဝင်ရောက်မှု မရှိသေးတဲ့အတွက် ခွဲတမ်းစနစ်နဲ့ ရောင်းချပေးနေရတယ်လို့ ဆောက်လုပ်ရေးပစ္စည်းအရောင်းဆိုင် တာဝန်ရှိသူတစ်ဦးက သံ လွင်တိုင်းမ်ကို ပြောပါတယ်။

“ဘိလပ်မြေက အရင်လိုပြန်ဝင်ဖို့ လောလောဆယ်မရှိသေးဘူး။ ပစ္စည်းကတော့ ထွက်တယ်လို့တော့ ပြောတယ်။ ထွက်ပေမယ့် ပြန်မျှပြီး ဆိုင်တွေကို ပြန်ခွဲပေးနေတာ။ ခွဲပေးနေတဲ့အတွက်ကြောင့်မို့ ဒီမှာလည်း အရင်လိုပဲပေါ့၊ အများအစားကြီး မရဘူး။ သူတို့က ဒီနေ့ပို့မယ်။ ပို့ပြီးရင် ၃/၄ ရက်မှ တစ်စီးပို့တယ် အဲဒီလိုမျိုး။ အရင်လိုတော့ မရသေးဘူး” လို့ ဆိုပါတယ်။

ဆောက်လုပ်ရေးသုံး ဘိလပ်မြေတွေကိုတော့ ကြိုတင်မှာယူထားတဲ့ ဆိုင်တွေနဲ့ ဆောက်လုပ်ရေး လုပ်ငန်းကြီးတွေကိုသာ ခွဲတမ်းစနစ်နဲ့ ရောင်းချနေရပြီး လက်လီအနည်းအကျဉ်း ဝယ်ယူသူတွေကိုတော့ ရောင်းချပေးနိုင်တာ မရှိသေးဘူးလို့ ဆိုပါတယ်။

ဘိလပ်မြေတွေ ပြတ်လပ်လာမှုနဲ့အတူ လိုသလောက်ဝယ်ယူလို့ မရတဲ့အတွက် အသေးစား၊ အ လတ်စားဆောက်လုပ်ရေး လုပ်ကိုင်သူတွေအနေနဲ့ လုပ်ငန်းယာယီ ရပ်နားထားရတာရှိသလို ဈေး နှုန်းထိုးတက်လာတာကြောင့်လည်း အရှုံးနဲ့ ရင်ဆိုင်နေရတယ်လို့ ဆောက်လုပ်ရေး လုပ်ကိုင်သူတွေက ပြောကြပါတယ်။

ဆောက်လုပ်ရေး လုပ်ငန်းတွေ လုပ်ငန်းရပ်နားလာတာကြောင့် ဆောက်လုပ်ငန်းကဏ္ဍအပေါ် မှီခိုနေရတဲ့ အလုပ်သမားထောင်နဲ့ချီ အလုပ်လက်မဲ့ဖြစ်ရမယ့် အခြေအနေနဲ့ ကြုံနေရပါတယ်။

ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေကတော့ ဘိလပ်မြေ ပြတ်လပ်မှုကို အချိန်မီမဖြေရှင်းနိုင်ပါက ဆောက်လုပ်ရေးကဏ္ဍအပေါ် ကြီးမားတဲ့ သက်ရောက်မှုတွေ ရှိလာနိုင်တယ်လို့ သုံးသပ်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.