ဘန်ကောက်၊ ဇန်နဝါရီ ၂၉

လာအိုကို ဖြတ်ပြီး ထိုင်းနဲ့တရုတ်ကို ဆက်သွယ်ထားတဲ့ မြန်နှုန်းမြင့် ရထားလမ်း ကွန်ရက်ကို ၂၀၃၀ ပြည့်နှစ်အတွင်း အပြီးသတ်တည်ဆောက်နိုင်မယ်လို့ ထိုင်းအစိုးရက မျှော်လင့်ထားပါတယ်။

ဒီရထားလမ်းဟာ နှစ်နိုင်ငံ ဆက်ဆံရေးနဲ့ ကုန်သွယ်ရေးရာ အနာဂတ် အတွက် အရေးပါတယ်လို့ ထိုင်းအရာရှိတွေက ပြောထားပေမယ့် ကြန့်ကြာနေတာ ကြာပြီဖြစ်ပါတယ်။

ဘန်ကောက်နဲ့ နခွန် ရပ်ချာဆီမာမြို့ကို ချိတ်ဆက်ထားတဲ့ ရထားလမ်း ပထမအဆင့် ဖောက်လုပ်နေမှုဟာ လက်ရှိမှာ ၃၆ ရာခိုင်နှုန်းပြီးနေပြီ ဖြစ်ပါတယ်။

မြောက်ပိုင်းနယ်စပ် ပြည်နယ် နွမ်ခိုင်းနဲ့ ချိတ်ဆက်ထားတဲ့ ဒုတိယ လမ်းအပိုင်းကို အပြီးသတ်နေပြီ ဖြစ်တယ်လို့ ထိုင်းအစိုးရ ပြောခွင့်ရ ဂျီရာယုက ဇန်နဝါရီ ၂၉ ရက်မှာ ပြောကြားလိုက်တာပါ။

အပြီးသတ်နေပြီ ဖြစ်တဲ့ ရထားလမ်းပိုင်းအတွက် ထိုင်း အစိုးရအဖွဲ့ရဲ့ အတည်ပြုချက် စောင့်နေတယ်လို့ သိရပါတယ်။

အဲဒီရထားလမ်းဟာ စုစုပေါင်း ၃၇၈ မိုင် ရှည်ပြီး အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၉ ဘီလီယံ ကုန်ကျမယ်လို့ မျှော်မှန်းထားပါတယ်။

ထိုင်းရထားလမ်း ကွန်ရက်ကို မဲခေါင်မြစ်ပေါ်မှာ တည်ဆောက်ထားတဲ့ တံတားတစ်စင်းကနေတဆင့် လာအို-တရုတ် ရထားလမ်းနဲ့ ချိတ်ဆက် သွားမှာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ ဒေသတွင်းမှာ တန်းတူနိုင်ငံတွေရဲ့ စီးပွားရေး ဖွံ့ဖြိုးမှုကို လိုက်မီဖို့ ကြိုးပမ်းနေချိန်မှာ သူတို့ရဲ့ အကြီးမားဆုံး ကုန်သွယ်ဖက် ဖြစ်တဲ့ တရုတ်နဲ့ ဆက်သွယ်မှု အားကောင်းအောင် ကြိုးပမ်းနေပါတယ်။

ကုန်သွယ်ရေးအပြင် နှစ်နိုင်ငံကြား ခရီးသွားလာမှုလုပ်ငန်း နယ်ပယ် ပိုမို ဖွံ့ဖြိုးလာစေဖို့လည်း ဆောင်ရွက်ထားပြီး ပြီးခဲ့တဲ့နှစ်က တရုတ်နဲ့ ထိုင်းနိုင်ငံသားတွေ ဗီဇာ မလိုဘဲ အပြန်အလှန် သွားလာခွင့် ရရှိခဲ့ပါတယ်။

ရထားလမ်း ဖောက်လုပ်ပြီးစီးပြီဆိုတာနဲ့ ဘန်ကောက်ကနေ လာအိုနိုင်ငံ ဗီယင်ကျန်း အဲဒီကနေ ကူမင်းမြို့ အဲဒီကတဆင့် တရုတ်နိုင်ငံ မြို့တော် ပေကျင်းဆီကို သွားရောက်နိုင်မှာ ဖြစ်ပါတယ်။

တရုတ်အစိုးရရဲ့ ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်ခု စီမံကိန်းအရ ထိုင်းက အဲဒီ မြန်နှုန်းမြင့် ရထားလမ်း ကွန်ရက်ကို ၂၀၁၇ ခုနှစ်မှာ စတင် ဆောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။

ဒီစီမံကိန်း တစ်ခုလုံးရဲ့ ရင်းနှီးမြှုပ်နှံမှု အပိုင်း အားလုံးကို ထိုင်းအစိုးရက တာဝန်ယူ ဆောင်ရွက်ရတာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံကို အရှေ့တောင်အာရှရဲ့ ပို့ဆောင်ရေး စုရပ် ဖြစ်လာစေရေး အဲဒီ ရထားလမ်း အပါအဝင် တခြား ပို့ဆောင်ရေး စီမံကိန်းတွေ အလျင်အမြန် ပြီးစီးအောင် ဆောင်ရွက်ဖို့ ဝန်ကြီးချုပ် ပေသွန်ထန်က ညွှန်ကြားထားကြောင်း သိရပါတယ်။

Ref:Bangkokpost

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.