နေပြည်တော် ၊ ဇန်နဝါရီ ၃၀

သက်ဆိုင်ရာ ရပ်ကွက် ကျေးရွာ မြို့နယ်အလိုက် စစ်မှုထမ်းဥပဒေပါ အကျုံးဝင်တဲ့အရေအတွက်ကို စနစ်တကျ ကြိုတင်ပြုစုထားပြီး သက်ဆိုင်သူတွေသိရှိအောင် ဆောင်ရွက်ထားဖို့လိုတယ်လို့ စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။

ဇန်နဝါရီ ၂၈ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့ လုပ် ငန်းညှိနှိုင်းအစည်းအဝေးမှာ အဖွဲ့ဥက္ကဋ္ဌလည်းဖြစ် စစ်ကောင်စီရဲ့ ဒုတိယဝန်ကြီးချုပ်နဲ့ ကာကွယ် ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေးက ပြောကြားခဲ့တာပါ။

စစ်မှုထမ်းဆင့်ခေါ်ခြင်းဟာ ရေရှည်ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်ဖြစ်တဲ့အတွက် စီမံခန့်ခွဲမှုနဲ့ စည်းကမ်းတကျ လုပ်ဆောင်မှသာ အမှန်တကယ် စုဆောင်းတဲ့အခါ မသမာမှုတွေ မပြုလုပ်နိုင်ဘဲ အများက လက်ခံယုံကြည်နိုင်တဲ့ အနေအထားတစ်ရပ်ရရှိမယ်လို့ ဆိုပါတယ်။

အတင်းအဓမ္မဖိအားပေး စုဆောင်းတာမျိုး မဖြစ်စေဖို့ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေ၊ လုပ် ထုံးလုပ်နည်းတွေနဲ့အညီ ကြိုးစားစုဆောင်းကြစေရေး အလေးထားဆောင်ရွက်ပေးကြဖို့ တိုက် တွန်းခဲ့တာ ဖြစ်ပါတယ်။

မြေပြင်မှာတော့ လူငယ်တွေကို အကြောင်းအမျိုးမျိုးနဲ့ဖမ်းဆီးပြီး ငွေကြေးတတ်နိုင်သူတွေက ကျပ်သိန်းဆယ်နဲ့ချီ ပြန်ရွေးရတာရှိသလို တချို့တွေကိုတော့ စစ်သားစုဆောင်းရေးထဲ ပို့ဆောင်တာတွေ ရှိနေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

ကာကွယ်ရေးဝန်ကြီးကတော့ တာဝန်ရှိသူတွေအနေနဲ့ပြည်သူ့စစ်မှုထမ်းဥပဒေအပေါ် မမှန်မကန်ဆောင်ရွက်တာတွေ တွေ့ရှိရင် ထိရောက်စွာ အရေးယူသွားမှာဖြစ်သလို အရေးယူပြီး အရေးယူဆဲအမှုတွေလည်း ရှိနေတယ်လို့ ဝန်ခံလာတာပါ။

ပြီးခဲ့တဲ့ရက်ပိုင်းက စစ်မှုထမ်းဆင့်ခေါ်ရေးနဲ့ ပတ်သက်ပြီး ငွေကြေးတောင်းခံကာ လူစားထိုးလဲ လှယ်တာတွေ လုပ်ဆောင်ခဲ့ကြတဲ့ နိုင်ငံဝန်ထမ်းတွေကို ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေ မြို့နယ်အဖွဲ့တွေအနေနဲ့ ငွေကြေးဆိုင်ရာမသမာမှုတွေ မရှိစေရေး လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆောင်ရွက်မှုရှိစေဖို့ တာဝန်ရှိသူအဆင့်ဆင့်က စိစစ်ကြပ်မတ်ဖို့ လိုတယ်လို့ ကာကွယ်ရေးဝန်ကြီးက ဆိုပါတယ်။

နိုင်ငံတော်ကာကွယ်ရေးအတွက် ဥပဒေအရ သတ်မှတ်ထားတဲ့ အသက်ကန့်သတ်ချက်အတွင်းရှိသူတွေ သတ်မှတ်ကာလအလိုက် အဆင်ပြေချောမွေ့စွာ တာဝန်ထမ်းဆောင်နိုင်ရေး ဆောင်ရွက်သွားဖို့ ညွန်ကြားထားတာပါ။

စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့အနေနဲ့ စာရင်းဇယားမှန်ကန်ရေးနဲ့ ရေရှည်မှာမှတ်တမ်းထည့်သွင်းမှု လွယ်ကူစေရေးအတွက် ပြည်သူ့စစ်မှုထမ်း ကိုယ်ရေးအချက်အလက်စီမံခန့်ခွဲမှုစနစ်ကို အကောင်အ ထည်ဖော်နေတယ်လို့ အသိပေးထားပါတယ်။

စစ်အင်အားလိုအပ်ချက်တွေ ဖြည့်တင်းဖို့ အသက်ပြည့်ပြီးသူ လူငယ်တွေကို နိုင်ငံခြားထွက်ခွင့်ပိတ်ပြီး စစ်ထဲသွတ်သွင်းမယ့် စစ်မှုထမ်းနည်းဥပဒေကို ဇန်နဝါရီ ၂၃ ရက်နေ့က စစ်ကောင်စီ အတည်ပြုပြဌာန်းခဲ့တာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ- MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.