တောင်ကုတ်၊ ဇန်နဝါရီ ၂၈
ရခိုင်ပြည်နယ်နဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ပဲခူး၊မကွေးနဲ့ ဧရာဝတီတိုင်းတို့မှာ စစ်ကောင်စီတပ်နဲ့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်စခန်းသုံးခုကို သိမ်းပိုက်ရရှိထားတယ်လို့ အာရက္ခတပ်တော် AA က ဇန်နဝါရီ ၂၇ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ရခိုင်ပြည်နယ်နဲ့ ပဲခူးတိုင်းအစပ်က တောင်ကုတ်မြို့နယ်ရှိ စစ်ကောင်စီရဲ့ မိုးထိတောင်စခန်းကို ငါးရက်အကြာ ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် ဇန်နဝါရီ ၂၆ ရက်နေ့ နေ့လည် ၁၁ နာရီအချိန်ခန့်မှာ စခန်းတစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာပါ။
အလားတူ ရခိုင်-ဧရာဝတီအစပ် ဧရာဝတီတိုင်းအတွင်းရှိ စစ်ကောင်စီရဲ့ ပွိုင့် ၂၆၃ တပ်စခန်းကို ဇန် နဝါရီ ၂၆ ရက်နေ့ နေ့လည်ပိုင်းနဲ့ ပွိုင့် ၃၆၉ တပ်စခန်းကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ ရက်နေ့ ညနေပိုင်းမှာ သိမ်းပိုက်ရရှိခဲ့တယ်လို့ AA က ဆိုပါတယ်။
စခန်းသိမ်းတိုက်ပွဲတွေအတွင်း စစ်ကောင်စီထံကနေ လက်နက်ခဲယမ်းတွေနဲ့ စစ်အသုံးအဆောင်ပစ္စည်းအများအပြား သိမ်းဆည်းရမိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ သေဆုံးမှုအရေအတွက်ကို AA က အသိပေးထုတ်ပြန်ထားတာ မရှိပါဘူး။
တစ်ဖက်မှာလည်း ရခိုင်ပြည်နယ်အစပ်က မကွေးတိုင်း ငဖဲမြို့နယ် ဂုတ်စီးရိုးကျေးရွာအနီး အမ်း-ပဒါန်း ကားလမ်းမှာ စစ်ကောင်စီရဲ့ တပ်မ ၉၉ လေက်အောက်ခံ ခမရ ၄၁၉၊ ခမရ ၁၄ ပူးပေါင်းတပ်တွေနဲ့ အာရက္ခတပ်တော်တို့ကြား ဇန်နဝါရီ ၂၇ နေ့မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ အသိပေးထားပါတယ်။
အာရက္ခတပ်တော် AA သိမ်းပိုက်ဖို့ ကျန်ရှိနေတဲ့ စစ်တွေမြို့အနီး ပတ်ဝန်းကျင်မှာလည်း လက်နက် ကြီး၊ စနိုက်ဘာအပြင် ဒရုန်းတွေနဲ့ နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှုတွေ နေ့စဉ်နီးပါးဖြစ်ပွားနေတယ်လို့ ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – AA