ဝါရှင်တန်၊ ဇန်နဝါရီ ၂၈

အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က နိုင်ငံ့စစ်တပ်ကို ပြန်လည် ပုံသွင်းဖို့ အဓိကထားတဲ့ အမိန့်တချို့ကို လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

ဇန်နဝါရီ ၂၇ ရက် ညနေပိုင်းက လက်မှတ်ရေးထိုးခဲ့တဲ့ အမိန့်မှာတော့ အမေရိကန်စစ်တပ် အတွင်း DEI လို့ ခေါ်တဲ့ အမျိုးစုံလင်ရေး၊ တန်းတူညီမျှရေးနဲ့ အားလုံး ပါဝင်ရေး အစီအစဉ်တွေကို တားမြစ်ထားတာတွေ့ရ ပါတယ်။

စစ်တပ်ထဲမှာ လူမျိုး ဒါမှမဟုတ် ကျား/မ အခြေခံ အသာပေးတဲ့စနစ်ကို ဖယ်ရှားပစ်မှာ ဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ အမိမြေ လုံခြုံရေးဌာနတို့က ပြောကြားထားပါတယ်။

နောက် အမိန့်တစ်ခုမှာ Covid-19 ကာကွယ်ဆေးထိုးဖို့ ငြင်းဆိုတာကြောင့် စစ်တပ်က အနားပေးထားတဲ့ တပ်ဖွဲ့ဝင် ၈၀၀၀ ကျော်ကို ပြန်လည် တာဝန် ထမ်းဆောင်ခွင့် ပေးထားပါတယ်။

တတိယမြောက် အထူးအမိန့် ကြေညာချက်ကတော့ လိင်ပြောင်းထားတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ ပတ်သက်တဲ့ မူဝါဒကို ဖော်ဆောင်မှာ ဖြစ်တယ်လို့ အိမ်ဖြူတော်က ဆိုပါတယ်။

အဲဒီ အမိန့်အရ အမေရိကန်စစ်တပ်က လိင်ပြောင်းလဲထားသူတွေကို တားမြစ်သွားမှာ မဟုတ်ဘူးလို့ သိရပါတယ်။

စတုတ္ထအမိန့်မှာတော့ အစ္စရေးက အရှေ့အလယ်ပိုင်းမှာ အသုံးပြုနေတဲ့ သံကွန်ချာ ဒုံးကျည်ကာကွယ်ရေး စနစ်လိုမျိုး အမေရိကန်စစ်တပ် အတွက် အဆင့်မြင့် ဒုံးကျည် ကာကွယ်ရေးစနစ် တည်ဆောက်ရေး ဖြစ်ပါတယ်။

အဲဒီ အထူး အမိန့်ကြေညာချက်တွေကို သမ္မတ ထရန့်က Air Force One လေယာဉ်နဲ့ ခရီးသွားနေရင်း လက်မှတ်ရေးထိုးခဲ့တာပါ။

DEI အစီအစဉ်တွေကို ဖယ်ရှားလိုက်တဲ့အတွက် အမေရိကန်စစ်တပ် အနေနဲ့ တပ်သားသစ် စုဆောင်ရေး ပိုမို လွယ်ကူသွားစေနိုင်တယ်လို့ ထရန့်က ပြောပါတယ်။

စစ်တပ်ရဲ့ ရည်ရွယ်ချက်ဟာ စစ်ပွဲတွေမှာ အနိုင်ရရေး ဖြစ်တယ်လို့ ထရန့်က ပြီးခဲ့တဲ့နှစ် ဇွန်လ မဲဆွယ်ချိန်က ပြောကြားခဲ့ဖူးပါတယ်။

အမေရိကန်စစ်တပ်အနေနဲ့ ရန်သူတွေကို တားဆီးနိုင်ဖို့ အမြဲတမ်း အဆင်သင့် ရှိနေစေရေး ကြိုးပမ်းသွားမှာ ဖြစ်တယ်လို့ ကာကွယ်ရေး ဝန်ကြီး ဟက်ဆေ့ချ်က ပြောဆိုထားတာ ဖြစ်ပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.