ကျိုက်ထို၊ ဇန်နဝါရီ ၂၈
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် မလော့ချောင်ကျေးရွာ ဆယ်အိမ်မှူးလည်းဖြစ်တဲ့ စစ်တပ်သတင်း ပေး ဦးဝင်းအောင်ကို ပစ်ခတ်ရှင်းလိုက်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ သတင်းရင်းမြစ်တွေထံက သိရပါတယ်။
မနေ့ ဇန်နဝါရီ ၂၇ ရက်နေ့ ည ၈ နာရီအချိန်ခန့်မှာ အသက် ၄၀ အရွယ် ဆယ်အိမ်မှူး ဦးဝင်းအောင်ကို တော်လှန်ရေးအင်အားစုအဖွဲ့ တစ်ခုက သူရဲ့ နေအိမ်အနီးမှာပဲ သေနတ်နဲ့ ဝင်ရောက်ပစ်ခတ်သွားတာပါ။
သေနတ်နဲ့အနီးကပ် ပစ်ခံရတာကြောင့် ဦးဝင်းအောင်ဟာ ဦးခေါင်းကျည်ထိဒဏ်ရာနဲ့ အခင်းဖြစ်ရာ နေရာမှာပဲ သေဆုံးသွားပါတယ်။
တော်လှန်ရေးတပ်ဖွဲ့ သတင်းရင်းမြစ်တစ်ဦးကတော့ ဆယ်အိမ်မှူးဦးဝင်းအောင်ကို စစ်တပ်သတင်း ပေးမလုပ်ဖို့ အကြိမ်ကြိမ် သတိပေးထားပေမယ့် မလိုက်နာတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။
ဒီပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေထံ သံလွင်တိုင်းမ်က ဆက်သွယ်မေးမြန်းထားပေမယ့် လက်ရှိအချိန်ထိ ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။
ပြီးခဲ့တဲ့ ဇန်နဝါရီ၂၂ ရက်နေ့ကလည်း မလော့ချောင်ကျေးရွာနေ အသက် ၃၇ နှစ်အရွယ်ရှိ ဦးစိုးနိုင်ဦးကို အမည်မသိ သေနတ်သမားတွေက နေအိမ်အတွင်း ဝင်ရောက်ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media