ဘန်ကောက်၊ ဇန်နဝါရီ ၂၈

လူအများကို ပစ်မှတ်ထားကာ ငွေကြေး လိမ်လည်ဖို့ အလုပ်သမား တစ်သိန်းလောက်ကို အလုပ်ခန့်ထားတဲ့ အဓိက တရုတ်ဆက်သွယ်ရေး လူလိမ်ဂိုဏ်း ၃၆ ခုရှိတယ်လို့ ထိုင်းနိုင်ငံသို့ ရောက်ရှိနေတဲ့ တရုတ် ပြည်သူ့ လုံခြုံရေးလက်ထောက်ဝန်ကြီးက ပြောကြားလိုက်ပြီး အဲဒီ ဂိုဏ်းတွေ နှိမ်နှင်းရေး ကူညီပေးဖို့ ထိုင်းအစိုးရကို တိုက်တွန်းထားပါတယ်။

ဇန်နဝါရီ ၂၇ ရက်က နွမ်သာဘူရီပြည်နယ်ရှိ ဆိုက်ဘာ ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေး ဗျူရိုမှာ ထိုင်းရဲမှူးနဲ့ တွေ့ဆုံချိန် လက်ထောက်ဝန်ကြီး လွီချောင်ဂျီက အဲဒီ သတင်းအချက်အလက်ကို ဝေမျှခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ မြဝတီမြို့မှာ တည်ရှိနေတဲ့ တရုတ် လူလိမ်ဂိုဏ်း ပြဿနာကို ဖြေရှင်းရေး လက်ထောက်ဝန်ကြီး လွီ ဦးဆောင်တဲ့ တရုတ် ကိုယ်စားလှယ်အဖွဲ့ ထိုင်းသို့ လာရောက်ပြီး အကူအညီ တောင်းခံထားတာ ဖြစ်ပါတယ်။

အဲဒီ ဂိုဏ်းတွေဟာ အဓိကအားဖြင့် တရုတ်နိုင်ငံသားတွေကို သွေးဆောင်ခေါ်ယူပြီး လူမဆန်တဲ့ အခြေအနေတွေနဲ့ အလုပ်စေခိုင်းနေတာ ဖြစ်ပါတယ်။

တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ဒေသတွင်း လှုပ်ရှားနေတဲ့ ကျားဖြန့်ဂိုဏ်းတွေအား တိုက်ဖျက်ကြဖို့ အာဆီယံနိုင်ငံတွေကို တိုက်တွန်းထားပြီး ဖြစ်ပါတယ်။

အဲဒီ ဂိုဏ်းတွေမှာ အလုပ်လုပ်ရသူ တချို့ဟာ နှိပ်စက်ခံလို့ သေဆုံးသွားခဲ့ကြောင်း ပြန်လွတ်မြောက်လာသူတွေက ပြောပါတယ်။

မကြာသေးခင်က တရုတ်မင်းသား တစ်ယောက် မြန်မာနိုင်ငံက ကျားဖြန့်ဂိုဏ်းမှာ ဖမ်းဆီးခံထားရာကနေ ပြည်လည် ကယ်ထုတ်နိုင်ခဲ့ပြီးနောက် တရုတ်အစိုးရက ကျားဖြန့်လုပ်ငန်းတွေကို ဖိဖိစီးစီး ကိုင်တွယ်ဖို့ လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံထဲမှာ ဖမ်းဆီးခံနေရဆဲဖြစ်တဲ့ တရုတ်နိုင်ငံသားတွေ ဘယ်သူဘယ်ဝါ ဖြစ်ကြောင်း ကူညီ ဖော်ထုတ်ပေးရေး တရုတ်က ထိုင်းအရာရှိတွေကို အကူအညီ တောင်းထားပါတယ်။

တရုတ်မင်းသား အမှုနဲ့ ပတ်သက်လို့ သံသယရှိသူ ၂၀ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးပြီး တရုတ်နိုင်ငံဆီ လွှဲပို့ထားပါတယ်။

ရာဇဝတ်ဂိုဏ်းတွေရဲ့ လုပ်ငန်း စီးဆင်းမှု လမ်းကြောင်းနဲ့ ရင်းမြစ်တွေကို တားဆီး ပိတ်ပင်ပေးဖို့လည်း တရုတ်က ထိုင်းကို အကူအညီ တောင်းထားတာ ဖြစ်ပါတယ်။

Ref:Bangkokpost

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.