နယူးယောက်၊ ဇန်နဝါရီ ၂၇
COVID-19 ကမ္ဘာ့ကပ်ရောဂါပိုးဟာ သဘာဝအတိုင်း ဖြစ်ပေါ်လာတာထက် ဓာတ်ခွဲခန်းကတစ်ဆင့် ပျံ့နှံ့လာတာ ပိုဖြစ်နိုင်တယ်လို့ အမေရိကန် ထောက်လှမ်းရေးအေဂျင်စီ CIA က ဇန်နဝါရီ ၂၅ ရက်မှာ ပြောကြားလိုက်ပါတယ်။
အဲဒီ COVID-19 ရောဂါပိုးဟာ သဘာဝအတိုင်း ဖြစ်ပေါ်လာတာလား ဒါမှမဟုတ် ဓာတ်ခွဲခန်းကနေ မတော်တဆ ပျံ့နှံ့လာတာလားဆိုတာကို CIA က နှစ်အတော်ကြာတဲ့အထိ စုံစမ်း စစ်ဆေးခဲ့ပေမယ့် သုံးသပ်ချက် အတိအကျကို ထုတ်ဖော်ပြောကြားခဲ့တာ မရှိခဲ့ပါဘူး။
ဒါပေမဲ့ ဘိုင်ဒန်အစိုးရ ထွက်ခွာတော့မယ့်အချိန်မှာ CIA ညွှန်ကြားရေးမှူးဟောင်း ဝီလီယံ ဘန်းစ်က CIA လေ့လာသူတွေနဲ့ သိပ္ပံပညာရှင်တွေ ပြတ်ပြတ်သားသား ဆုံးဖြတ်ပေးဖို့ တောင်းဆိုခဲ့တာပါ။
တရုတ်နိုင်ငံ ဝူဟန်မြို့ စတင်ခဲ့တဲ့ ကမ္ဘာ့ကပ်ရောဂါရဲ့ ရာဇဝင်ဟာ အရေးကြီးတဲ့အကြောင်း ညွှန်ကြားရေးမှူးဟောင်း ဝီလီယံ ဘန်းစ်က ပြောဆိုထားပါတယ်။
CIA ရဲ့ အခုလိုမျိုး ပြောဆိုမှုနဲ့ ပတ်သက်လို့ မှတ်ချက်ပြုပေးဖို့ ဝါရှင်တန်ရှိ တရုတ်သံရုံးကို ဆက်သွယ်ခဲ့ပေမယ့် တုံ့ပြန်မှု မရှိပါဘူး။
COVID-19 ရဲ့ မူလဇစ်မြစ်နဲ့ပတ်သက်တဲ့ သတင်းအချက်အလက် အသစ်ကို ဘယ်အေဂျင်စီက စုဆောင်းခဲ့တာလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသလို နောက်ဆုံး သုံးသပ်ချက်အတွက် ဘယ်လို အထောက်အထားမျိုးကို အသုံးပြုထားသလဲ ဆိုတာလည်း မသိရပါဘူး။
COVID-19 ရဲ့ မူလဇစ်မြစ်ကို သိရှိနိုင်ရေး လေ့လာမှုကို ကူညီခဲ့သလို ပါဝင်ဆောင်ရွက်ပေးခဲ့တယ်လို့ တရုတ်အစိုးရကတော့ ပြောထားပါတယ်။
ဒီအကြောင်းရင်းကို အမေရိကန် ထောက်လှမ်းရေး အေဂျင်စီတွေက စုံစမ်း စစ်ဆေးနေတာကြောင့် တရုတ်က အမေရိကန်ဟာ ဒီကိစ္စကို နိုင်ငံရေးကိစ္စဖြစ်အောင် လုပ်ဆောင်နေတယ်လို့ စွပ်စွဲခဲ့ပါတယ်။
ကမ္ဘာ့ကပ်ရောဂါ ဖြစ်လာစေခဲ့တဲ့ ဗိုင်းရပ်စ်ဟာ ဓာတ်ခွဲခန်းက ပျံ့နှံ့လာတာ ဖြစ်တယ်ဆိုတဲ့ ပြောဆိုချက်ကို ယုံကြည်လို့ မရဘူးလို့ တရုတ်အစိုးရက အရင်က ပြောဆိုခဲ့ဖူးပါတယ်။
CIA ညွှန်ကြားရေးမှူး ဂျွန် ရက်ကလစ်ဖ်က အဲဒီ ဗိုင်းရပ်စ်ဟာ ဓာတ်ခွဲခန်းကတစ်ဆင့် ပျံ့နှံ့လာတာဖြစ်တယ်လို့ မိမိတို့ အားလုံး ယူဆထားကြောင်း ပြောပါတယ်။
COVID-19 ရဲ့ မူလဇစ်မြစ်ကို အများပြည်သူ သိရှိလာစေရေး ဦးစားပေး ကြိုးပမ်းသွားမှာ ဖြစ်ကြောင်း ညွှန်ကြားရေးမှူး ဂျွန် ရက်ကလစ်ဖ်က ပြောဆိုထားတာ ဖြစ်ပါတယ်။
Ref:Reuters