သထုံ၊ ဇန်နဝါရီ ၂၇

မွန်ပြည်နယ် သထုံမြို့နယ် ဈေးမသွယ်ကျေးရွာအခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၄၀၂ အမြောက်တပ်က တပ်သား သုံးဦးဟာ လက်နက်နဲ့တကွ အလင်းဝင်လာတယ်လို့ KNU သထုံခရိုင်ထံကနေ သိရပါတယ်။

စစ်ကောင်စီတပ်သား သုံးဦးဟာ ဇန်နဝါရီ ၂၅ ရက်နေ့က ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင်ထံ ဆက်သွယ် အလင်းဝင်လာတာ ဖြစ်ပါတယ်။

အလင်းဝင်တဲ့ စစ်ကောင်စီတပ်သား သုံးဦးမှာ တပ်သား ကောင်းထက်၊ တပ်သား နိုင်းနိုင်း၊ တပ်သား အောင်ပြည့်ထွန်းတို့ ဖြစ်ပြီး သူတို့ သုံးဦးဟာ စစ်ကောင်စီထံကနေ MA 1 သေနတ် ၃ လက်၊ ကျည်ဘောက် ၉ ခု၊ ကျည် ၃၀၀ တောင့်၊ လက်ပစ်ဗုံး ၂ လုံးပါ ယူဆောင်လာခဲ့တာပါ။

လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတဲ့ တပ်သား သုံးဦးကို KNU သထုံခရိုင်က တစ်ဦးလျှင် ကျပ် ၁၀ သိန်းစီ ထောက်ပံ့ပေးထားပြီး သူတို့ရဲ့ ဆန္ဒအတိုင်း စီစဉ်ဆောင်ရွက်ပေးမယ်လို့ KNU သထုံခရိုင် တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၆ ရက်နေ့ကလည်း အမျိုးသားညီညွတ်ရေးအစိုးရ NUG တောင်ပိုင်းတိုင်းစစ်ဒေသ အမှတ် ၂ စစ်ဒေသခွဲ ဗျူဟာ ၂၇ ထံ စစ်ကောင်စီတပ်သား သုံးဦး လက်နက်တွေနဲ့အတူ အလင်းဝင်ထားပါတယ်။

KNU သထုံခရိုင်ရဲ့ အချက်အလက်တွေအရ အာဏာသိမ်းကာလအတွင်း KNU တပ်မဟာ ၁ ထံ လက်နက်ချ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ထက်မနည်း ရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.