နေပြည်တော် ၊ ဇန်နဝါရီ ၂၈
တစ်နိုင်ငံလုံးကို စစ်အုပ်ချုပ်ရေးအောက် သွတ်သွင်းခဲ့တဲ့ အာဏာသိမ်းမှုဟာလာမယ့် ရက်ပိုင်းအ တွင်း သက်တမ်းတိုးမယ့် အခင်းအကျင်းမှာ စစ်ရေးရောနိုင်ငံရေးအရပါ ပြိုင်ဆိုင်မှု ပြင်းထန်လာနိုင်တယ်လို့ အကဲခတ်တွေက သုံးသပ်ကြပါတယ်။
၂၀၂၅ ခုနှစ်မှာ ရွေးကောက်ပွဲကျင်းပမယ်လို့ ကြွေးကြော်ထားတဲ့ စစ်ကောင်စီအနေနဲ့ ဖွဲ့စည်းပုံ အ ခြေခံဥပဒေကို အကြောင်းပြုကာ ၆ လ တစ်ကြိမ် တိုးယူထားတဲ့သက်တမ်းဟာ လာမယ့်ဇန်နဝါရီ ၃၁ ရက်နေ့မှာ ကုန်ဆုံးတော့မှာပါ။
ဒါကြောင့် လာမယ့်ရက်ပိုင်းအတွင်းခေါ်ယူမယ့် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အ စည်းအဝေးမှာ တင်ပြလာတဲ့အချက်တွေအပေါ် အာဏာအရှိဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ ယာယီသမ္မတက ဆုံးဖြတ်ပေးရမှာ ဖြစ်ပါတယ်။
မြန်မာ့အရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးက လက်ရှိအခြေအနေနဲ့ လာမယ့် နိုဝင် ဘာမှာ ရွေးကောက်ပွဲလုပ်နိုင်ဖို့ သက်တမ်းထပ်တိုးမယ့် သဘောလို့ သုံးသပ်ပါတယ်။
“အခုလက်ရှိအနေအထားအရတော့ သူ့ရဲ့လမ်းကြောင်းကို ဆက်ခံဖို့ဆိုတာလည်း တခြားလူအနေနဲ့ သူတို့အနေနဲ့ အဲဒီလောက်အထိ ခိုင်ခိုင်မာမာ ရှိထားပုံမပေါ်ဘူး။ မပေါ်တော့ ဒီပုံစံနဲ့အခုလာမယ့် နို ဝင်ဘာလမှာ ရွေးကောက်ပွဲလုပ်မယ်ဆိုတဲ့ဟာနဲ့ ထပ်ပြီး Extension လုပ်သွားမယ့် သဘောတော့ ရှိတယ်လို့ မှန်းလို့ရတယ်ခင်ဗျ” လို့ ဆိုပါတယ်။
စစ်ခေါင်းဆောင်ဟာ မူလတာဝန်ဖြစ်တဲ့ တပ်ချုပ်ရာထူးအပြင် အာဏာသိမ်းပြီးနောက်ပိုင်း ရယူထားတဲ့ နိုင်ငံတော်ရဲ့ အမြင့်ဆုံးရာထူးလေးနေရာအထိ ဗဟိုအာဏာစက်ကို ဩဇာအပြည့် ချုပ်ကိုင်ထားသူပါ။
ပြီးခဲ့တဲ့ ကာလုံအစည်းအဝေးမှာ ယာယီသမ္မတဦးမြင့်ဆွေရဲ့ ကျန်းမာရေးကိစ္စကြောင့် ကိုယ်တိုင်ခန့်အပ်ထားတဲ့ စစ်ကောင်စီဥက္ကဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်အပြင် ယာယီသမ္မတရာထူးကိုပါ စစ်ခေါင်းဆောင်က လွှဲပြောင်းယူခဲ့ပါတယ်။
နှစ်စဉ်သက်တမ်းတိုးချိန်ရောက်မှသာ နိုင်ငံပိုင်ရုပ်သံသတင်းတွေမှာ မြင်ရလေ့ရှိတဲ့ ဦးမြင့်ဆွေဟာ ယာယီသမ္မတတာဝန်ကို ပြန်လည်ထမ်းဆောင်နိုင်ခြင်း ရှိမရှိ လောလောဆယ် စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခြင်း မရှိသေးပါဘူး။
မဲစာရင်းမှားယွင်းမှု အကြောင်းပြချက်နဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်က ဖွဲ့ စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၇ အရ ကာလုံအစည်းအဝေးခေါ်ယူကာ နိုင်ငံတော်ကို အရေးပေါ်အခြေအ နေအဖြစ် ကြေညာပြီး တစ်နှစ်အာဏာလွှဲယူခဲ့တာပါ။
အဲဒီကနေတစ်ဆင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၄၂၅ အရ တစ်ကြိမ်မှာ ၆ လအထိ တိုးမြှင့်ခွင့်ရှိတဲ့ သက်တမ်းကို စစ်ကောင်စီက ၆ ကြိမ်အထိတိုးယူခဲ့ပြီး နိုင်ငံကို လေးနှစ်တာစစ်အုပ်ချုပ်ရေးအောက် သွတ်သွင်းခဲ့ပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ဖွဲ့စည်းပုံမှာ ခွင့်ပြုမထားပေမယ့် အာဏာသိမ်းအစိုးရဖြစ်တာမို့ မပြုတ်မချင်းဆက်ပြီး သက်တမ်းတိုးနေမယ့်သဘောလို့ သုံးသပ်ပါတယ်။
“အဲဒါက ဖွဲ့စည်းပုံမှာ ခွင့်ပြုထားတဲ့ဟာတွေ မဟုတ်ပါဘူး။ ဆိုလိုတာကအာဏာရှိလို့ အာဏာယူ ထားတယ် အာဏာသိမ်းထားတဲ့ အစိုးရခေါင်းဆောင်ဖြစ်တဲ့အခါကျတော့ ထင်ရာလုပ်နေတာပါ။ ဖွဲ့စည်းပုံဆိုတာက စကားလုံးအရ ကိုးကားတာပဲရှိပါတယ်။ တကယ်တမ်းဖွဲ့စည်းပုံမှာ အဲဒီခွင့်ပြု ချက်တွေ မရှိပါဘူး။ ဖွဲ့စည်းပုံမှာ ၂ ကြိမ် အလွန်ဆုံးသုံးကြိမ်ပါပဲခွင့်ပြုတာ။ အခုက ၈ ကြိမ်ပေါ့။ ဆိုလိုတာက သူအဲဒီမှာ ခေါင်းဆောင်အဖြစ်က မပြုတ်မချင်း ဆက်ပြီးတော့ ဒီလိုပဲလုပ်နေမှာပါ” လို့ ဆိုပါတယ်။
စစ်ကောင်စီအနေနဲ့ အာဏာသိမ်းမှုအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအပါအဝင် တော် လှန်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး ကိုးကန့်တပ် MNDAA နဲ့သာ ယာယီအပစ်ခတ်ရပ်တန့်ထားနိုင်တာပါ။
ပြီးခဲ့တဲ့ တစ်နှစ်အတွင်း တိုင်းစစ်ဌာနချုပ် ၂ ခုအပါအဝင် တစ်နိုင်ငံလုံးရှိ တပ်စခန်းပေါင်း ၇၄၂ ခုကို အပြီးသတ်လက်လွှတ်ခဲ့ရတဲ့အပြင် အင်အားပြုန်းတီးမှုကလည်း ထောင်နဲ့ချီ ရှိခဲ့တယ်လို့ NUG ရဲ့ စာရင်းတွေက ဖော်ပြပါတယ်။
ဒီလိုမျိုး စစ်ရေးအကျပ်ဆိုက်မှုတွေ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲကို မဖြစ်မနေ ပြုလုပ်ပေးသွားမယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇန်နဝါရီ ၁၅ ရက်နေ့မှာ ထုတ်ပြောထားတာပါ။
CDM ဗိုလ်ကြီး ဇင်ယော်ကတော့ နောက်ထပ်တိုးယူမယ့် သက်တမ်းအလွန်မှာ ရွေးကောက်ပွဲလုပ်နိုင်အောင် စစ်ရေးကို လျှော့မှာမဟုတ်ဘဲ နိုင်ငံရေးကိုလည်း တစ်ဘက်ကနေ ဆောင်ရွက်မယ့် အ နေအထားလို့ သုံးသပ်ပါတယ်။
“ရွေးကောက်ပွဲလုပ်ဖို့ သူပြင်နေတာဆိုတော့ စိုးမိုးနယ်မြေရအောင် သူဆက်ပြီး စစ်ရေးဘက်ကိုလည်း တိုးမယ်။ နိုင်ငံရေးဘက်ကလည်း နိုင်ငံရေးပါတီတွေနဲ့ ညှိနှိုင်းပြီးတော့ ရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင် အကျဉ်းချုံးပြီး လုပ်သွားမှာပေါ့။ စစ်ရေးအနေနဲ့ကလည်း လျှော့လို့မရဘူး။ ကြာလာရင် ရန်ကုန် မန္တလေး နေပြည်တော် ဒီလိုမြို့ကြီးတွေလောက်ပဲ ကွက်ကွက်ကလေး ကျန်သွားမယ့် အနေအထားမျိုး ရှိတယ်။ အဲဒီတော့ သူကစစ်ရေးနဲ့ ဖိအားပေးပြီး ရွေးကောက်ပွဲလုပ်လို့ရတဲ့ နယ်မြေတွေ ကာကွယ်ရေးတပ်ဖွဲ့တွေ ကင်းစင်တဲ့နယ်မြေတွေ အများဆုံးဖြစ်အောင် စစ်ရေးကိုလည်း ဇောက်ချပြီးလုပ်သွားမယ့် အနေအထားမျိုးရှိသလို နိုင်ငံရေးကိုလည်း တစ်ဘက်ကနေတစ်ဖွဲ့နဲ့ လှည့်ပြီး ဆောင်ရွက်နေမယ့် အနေအထားမျိုးလို့ မြင်ပါတယ်ဗျ”လို့ ဆိုပါတယ်။
လက်ရှိမှာ စစ်ကောင်စီဘက်က စစ်ရေးရှုံးနိမ့်မှုတွေ များစွာရှိခဲ့တဲ့အတွက် မြို့ ပေါင်း ၃၃၀ ရှိတဲ့ မြန် မာနိုင်ငံမှာ ၁၀၇ မြို့နယ်ကိုသာ စိုးမိုးအုပ်ချုပ်နိုင်တော့တယ်လို့ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အချက်အလက်တွေက ဖော်ပြပါတယ်။
ရွေးကောက်ပွဲကော်မရှင်ဘက်ကလည်း ရွေးကောက်ပွဲကို တစ်နိုင်ငံလုံးရှိ မဲဆန္ဒနယ်စုစုပေါင်းရဲ့ ၁၆၁ မြို့နယ်မှာ ကျင်းပဖို့ လျာထားတယ်လို့ မှတ်ပုံတင်ခွင့်ပြုပေးထားတဲ့ နိုင်ငံရေးပါတီတွေကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်း ပြောဆိုထားတာပါ။
ဒါကြောင့် လာမယ့် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်ကောင်စီက နောက်ထပ် သက်တမ်း ၆ လတိုးယူကာ ၂၀၂၅ ခုနှစ် နှောင်းပိုင်းအတွင်း ရွေးကောက်ပွဲကျင်းပနိုင်ရေး ကျန်တဲ့ ၆ လ သက်တမ်းကိုတော့ ကာလုံထံ အာဏာလွှဲအပ်ရမှာပါ။
ဒီအခြေအနေရောက်အောင် စစ်ကောင်စီ မလုပ်ဆောင်ဘဲ အကြောင်းအမျိုးမျိုးပြပြီး အာဏာဆက်ယူမယ်ဆိုရင်တော့ စစ်ဦးဟာ မန္တလေးမြို့ကို ရောက်ရှိလာနိုင်တယ်လို့ နိုင်ငံရေးသုတေသီတစ်ဦးက သုံးသပ်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-TNLA