မကွေး ဇန်နဝါရီ ၂၇
မကွေးတိုင်း ဆိပ်ဖြူမြို့နယ်မှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်လို့ ငါးနှစ်အရွယ် အမွှာပူး နှစ်ဦး အပါအဝင် ၅ ဦးသေဆုံးတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဇန်နဝါရီ ၂၆ ရက် ညနေ ၅ နာရီခွဲဝန်းကျင်မှာ ရွှေဘိုးကျွန်း ကပစ ၂၁ ကနေ ပစ်လိုက်တဲ့ လက်နက်ကြီးဟာ ကင်မွန်းထောင့်ရွာကို ကျရောက်ပေါက်ကွဲခဲ့တာပါ။
“အခုလောလောဆယ် ငါးယောက်လောက် သေတယ်။ အမေကြီးတစ်ယောက်ရယ် အမွှာပူးလေး နှစ်ယောက်ရယ်၊ သားရယ်၊ ချွေးမရယ်ပေါ့။အမွှာပူးလေးတွေက လေးနှစ်ကျော်ပေါ့။ အိမ်ထဲကျပြီး ပေါက်ကွဲတာ” လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ ၅ နှစ်အရွယ် အမွှာပူး ၂ ဦး၊ အသက် ၅၀ အရွယ် လင်မယား ၂ ဦးနဲ့ အသက် ၈၀ အရွယ် အဘွားအို ၁ ဦးသေဆုံးခဲ့ပြီး ၃ ဦးဒဏ်ရာရခဲ့တယ်လို့ ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်ကတော့ ကာကွယ်ရေးအဖွဲ့တွေက ဆိပ်ဖြူမြို့နယ် ကပစ ၂၁ ကို လျှော့တိုက်ဒုံး ၈ လုံးနဲ့တိုက်ခိုက်ခဲ့ပါသေးတယ်။
ကပစ ၂၁ ဟာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေမှာ အသုံးပြုနေတဲ့ ဗုံးသီးတွေ ထုတ်လုပ်နေပြီးတော့ တိုက်ခိုက်မှုအပြီးမှာ ထုတ်လုပ်မှု ရပ်တန့်သွားတယ်လို့သိရပေမယ့် သီးခြားအတည်မပြုနိုင်သေးပါဘူး။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

All reactions:
9595