ဘီးလင်း၊ ဇန်နဝါရီလ ၂၈
မွန်ပြည်နယ် ဘီးလင်းမြို့နယ် မဲပလီကျေးရွာအနီး ဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေတွေနဲ့ စစ်ရေးတင်းမာမှုတွေကြောင့် စစ်ရှောင်နေရတဲ့ ဒေသခံ ၃၀၀၀ ကျော် နေရပ်မပြန်နိုင်ကြသေးဘူးလို့ ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင်တာဝန်ရှိသူက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဇန်နဝါရီ ၂၇ ရက်နေ့ထိ မဲပလီကျေးရွာအနီးတဝိုက်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ တော် KNLA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီအဖွဲ့တွေ စစ်ဆိုင်ထားဆဲအခြေအနေမှာရှိပြီး တိုက်ပွဲတွေလည်း မကြာခဏဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။
စစ်ရေးတင်းမာဆဲ အနေအထားမှာရှိနေတဲ့အတွက် ဒေသခံတွေဟာ မိမိတို့ရပ်ရွာကိုပြန်ဖို့ မဖြစ်နိုင်သေးကြောင်း၊ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာ၊ ဒရုန်း၊ လေယာဉ်တွေနဲ့ ဗုံးကြဲနေမှုကြောင့် အရပ်သားပြည်သူတွေဟာ အကြောက်တရားနဲ့ နေထိုင်နေရတဲ့အကြောင်း KNU သထုံခရိုင်အတွင်းရေးမှူး ပဒိုစောအေးနိုင်က ပြောပါတယ်။
စစ်ရှောင်နေရတာရက်ရှည်လာလို့ ပြည်သူတွေမှာ အလုပ်အကိုင်အဆင်မပြေဖြစ်ပြီး စားဝတ်နေရေးခက်ခဲမှုတွေရှိလာတဲ့အတွက် အကူအညီတွေလည်း လိုအပ်နေတာဖြစ်ပါတယ်။
စစ်ရှောင်ပြည်သူတွေကို KNU တပ်မဟာ ၁ ဘက်က တတ်နိုင်သမျှကူညီပေးနေပေမယ့် စစ်ရှောင် ဦးရေများတာကြောင့် လိုအပ်ချက်တွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
ဇန်နဝါရီလဆန်းပိုင်းကစတင်ပြီး မဲပလီအခြေစိုက် ခမရ ၄၀၅ တပ်အတွင်းရှိ ဗျူဟာကုန်းကို တော် လှန်ရေး ပူးပေါင်းတပ်တွေဘက်က ပိတ်ဆို့တိုက်ခိုက်နေတာတွေရှိနေပြီး တိုက်ပွဲကာလအတွင်းမှာ စစ်ကောင်စီဘက် တိုက်လေယာဉ်နဲ့ ၃ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
စစ်ကောင်စီဘက်က လေကြောင်းနဲ့ဗုံးကြဲတာ၊ လက်နက်ကြီးတွေပစ်ခတ်နေတာကြောင့် မဲပလီ၊ အစူးချောင်း၊ ပီတိကျေးရွာအုပ်စုထဲက ကျေးရွာပေါင်း ၁၅ ရွာလောက်က ဒေသခံ ၃၀၀၀ ကျော်ဟာ ဘေးလွတ်ရာကျေးရွာတွေနဲ့ တောတောင်တွေထဲမှာ ခိုအောင်းနေထိုင်နေကြရပါတယ်။
စစ်ရေးတင်းမာနေတဲ့ အခုဇန်နဝါရီလအတွင်း ဘီးလင်းမြို့နယ်ထဲမှာ စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးတွေကြောင့် အရပ်သားပြည်သူ ၂ ဦးသေဆုံးထားပြီး ၄ ဦးထက်မနည်း ဒဏ်ရာရထားတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ