ကျောက်မဲ၊ ဇန်နဝါရီ ၂၇
မြန်မာနိုင်ငံက ကျန်းမာရေးကဏ္ဍနဲ့ အပြစ်မဲ့ ပြည်သူတွေအပေါ် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု၊ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို နိုင်ငံတကာအနေနဲ့ လျစ်လျူရှုမထားဘဲ ဖြစ်နိုင်တဲ့ နည်းလမ်းတွေနဲ့ တားဆီးအရေးယူပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကျန်းမာရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂၆ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲပြည်သူ့ဆေးရုံနဲ့ ကရင်ပြည်နယ် ဖားအံမြို့နယ် ဟတလက်ကျေးရွာအုပ်စု ဖလံတောင်ဆေးရုံတို့ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။
ဇန်နဝါရီ ၂၅ ရက်နေ့ နေ့လယ်ပိုင်းမှာ စစ်ကောင်စီက ကျောက်မဲမြို့ ပြည်သူ့ဆေးရုံကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် CDM သူနာပြုဆရာမကြီးတစ်ဦး အပါအဝင် ၃ ဦး သေဆုံးခဲ့ပြီး ဆေးရုံဝန်ထမ်းအပါအဝင် အရပ်သား ၂၀ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အလားတူ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၂ ရက်နေ့ကလည်း ကရင်ပြည်နယ် ဖားအံမြို့နယ် ဟတလက်ကျေးရွာအုပ်စု ဖလံတောင်ဆေးရုံကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဆေးရုံထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
NUG အနေနဲ့ ထိခိုက်သေဆုံးခဲ့ရတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပြည်သူတွေအတွက် တရားမျှတမှုကို ဆောင်ကျည်းသွားမှာဖြစ်ပြီး စစ်ကောင်စီနဲ့ လက်ပါးစေ ကြံရာပါတွေကို တရားဥပဒေအရ ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနဟာ အခက်အခဲနဲ့ စိန်ခေါ်မှုတွေ ရှိနေပေမယ့် တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ ဒေသခံအဖွဲ့အစည်းတွေ၊ ပြည်သူတွေနဲ့ ပူးပေါင်းပြီး ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေကို ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီဟာ လူ့ဘီလူးဝါဒ ကိုင်စွဲထားတဲ့ စစ်အာဏာရှင်ပီပီ ၄ နှစ်နီးပါးကာလအတွင်း ဆေးရုံဆေးခန်းနဲ့ ကျန်းမာရေးကဏ္ဍအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုတွေဟာ ဂျီနီဗာကွန်ဗန်းရှင်း၊ ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်၊ လူသားချင်းစာနာထောက်ထားရေးနဲ့ လူအခွင့်အရေးဆိုင်ရာ နိုင်ငံတကာဥပဒေတွေကို ပြောင်းပြောင်းတင်းတင်း ချိုးဖောက်နေတယ်လို့ NUG က ဆိုထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – NUG