ကော့သောင်း၊ ဇန်နဝါရီလ ၂၈
တနင်္သာရီတိုင်း ကော့သောင်းမြို့နယ် ဟတ်စဒင်ကျေးရွာနဲ့ ချန်ဖန်းကျေးရွာကြားမှာ ဇန်နဝါရီ ၂၇ ရက် မနက်ပိုင်းကပစ်ခတ်မှုအတွင်း ဟတ်စဒင်းကျေးရွာ ပြည်သူ့စစ်ခေါင်းဆောင် သေဆုံးသွားကြောင်း ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဇန်နဝါရီ ၂၇ ရက် မနက် ၁၁ နာရီခန့်မှာ ချန်ဖန်းကျေးရွာဘက်ကနေ ဟတ်စဒင်ကျေးရွာဘက်ကို ဈေးဝယ်ပြီး ဆိုင်ကယ်နဲ့ပြန်လာတဲ့ ပြည်သူ့စစ်ခေါင်းဆောင် အသက် ၅၅ နှစ်အရွယ် မြင့်ဆွေ ခေါ် ခေါင်းဖြူကို ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။
ဆိုင်ကယ်နဲ့ ပြန်လာချိန် ဆီအုန်းတောအဖြတ်မှာ ရှင်းလင်းလိုက်တာဖြစ်ပြီး နေရာမှာတင် သေဆုံးသွားကြောင်းနဲ့ လက်နက်သိမ်းဆည်းရမိခြင်းမရှိကြောင်း ဒေသကာကွယ်ရေး ရဲဘော်တစ်ဦးက ပြောပါတယ်။
မြင့်ဆွေ ခေါ် ခေါင်းဖြူဟာ ဟတ်စဒင်းကျေးရွာ ပြည်သူ့စစ်ခေါင်းဆောင်ဖြစ်သလို ကျေးရွာ ရာအိမ်မှူးလည်းဖြစ်ပြီး လက်နက်ကိုင်ဆောင်ကာ ကျေးရွာအတွင်း ပြည်သူတွေကို အနိုင်ကျင့်တာတွေရှိတာကြောင့် စာနဲ့သတိပေးထားပေမယ့် မလိုက်နာဘဲ ဆက်လုပ်နေလို့ ရှင်းလင်းလိုက်တာလို့ ဆိုပါတယ်။
သေနတ်နဲ့ အနီးကပ် ပစ်ခတ်ခံရတာကြောင့် မြင့်ဆွေ ခေါ် ခေါင်းဖြူမှာ ဦးခေါင်းနောက်စေ့ ကျည်ထိဒဏ်ရာနဲ့ နေရာမှာပင်သေဆုံးသွားတယ်လို့ သိရပါတယ်။
ပစ်ခတ်ပြီးနောက်မှာတော့ အဖွဲ့ဝင်တွေ ပြန်ဆုတ်လာချိန်မှာ စစ်ကောင်စီတပ်သားတွေ ရောက်လာပြီး အလောင်းကိုကောက်ယူကာ ကော့သောင်းဆေးရုံကို တင်ပို့ထားတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၄ ရက် ညပိုင်းကလည်း ကော့သောင်းမြို့နယ် ခမောက်ကြီးမြို့ အမှတ် ၄ ရပ် ကွက် မြခွာညိုလမ်းမှာ အမျိုးသမီးအုပ်ချုပ်ရေးမှူး ဒေါ်ဝင်းဌေးဆိုသူဟာ နေအိမ်မှာပစ်သတ်ခံရပြီး သေဆုံးခဲ့ကြောင်း သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media