ရေဖြူ၊ ဇန်နဝါရီ ၂၆

တနင်္သာရီတိုင်း ရေဖြူမြို့နယ် မူးဒူးကျေးရွာအရှေ့တောင်ဘက်ရှိ PDF စခန်းတစ်ခု စီးနင်းခံရပြီး ရဲဘော်သုံးဦး ပျောက်ဆုံးနေတယ်လို့ ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတွေထံကနေ သိရပါတယ်။

စီးနင်းခံလိုက်ရတဲ့ စခန်းဟာ ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ A Zero ရဲ့ စခန်းဖြစ်ပြီး ဇန်နဝါရီ ၂၄ ရက်နေ့ နေ့လည် ၂ နာရီအချိန်ခန့်မှာ စီးနင်းခံလိုက်ရတာပါ။

အင်အား ၆၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ A Zero ရဲ့ စခန်းတစ်ခုလုံးကို ဖျက်ဆီးသွားပြီး စားနပ်ရိက္ခာတွေအပါအဝင် လက်နက်ခဲယမ်းတချို့ကို သိမ်းဆည်းသွားတာပါ။

A Zero ရဲ့ စခန်းဟာ တပ်ဖွဲ့ဝင်အများစု ရှေ့တန်းရောက်နေတဲ့အချိန်မှာ စီးနင်းခံလိုက်ရတာ ဖြစ်တယ်လို့ ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စခန်းစီးနင်းသွားတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဇန်နဝါရီ ၂၅ ရက်နေ့မှာတော့ ရလိုင်ကျေးရွာအနီးမှာ တောနင်းရှာဖွေတာတွေ လုပ်ဆောင်နေတယ်လို့ တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေတဲ့အတွက် မူးဒူး၊ ရလိုင်၊ ပုဂေါဇွန်းစတဲ့ကျေးရွာတွေက ဒေသ ခံ ၁၀၀၀ ဝန်းကျင်ဟာ ဘေးလွတ်ရာကျေးရွာတွေနဲ့ဥယျာဉ်ခြံတွေထဲ ပုန်းခိုးတိမ်းရှောင်နေရပါတယ် ။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.