နေပြည်တော် ၊ ဇန်နဝါရီ ၂၆
နိုင်ငံအနှံ့ ရင်ဆိုင်နေရတဲ့ စစ်မျက်နှာတွေမှာ အင်အားဖြည့်တင်းဖို့ အသက်ပြည့်ပြီးသူ လူငယ်တွေကို နိုင်ငံခြားထွက်ခွင့်ပိတ်ပြီး စစ်ထဲသွတ်သွင်းမယ့် စစ်မှုထမ်းနည်းဥပဒေကို ဇန်နဝါရီ ၂၃ ရက်နေ့မှာ စစ်ကောင်စီ ပြဌာန်းလိုက်ပါတယ်။
အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက်မှာ ရေးဆွဲထားတဲ့ စစ်မှုထမ်းဥပဒေကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အသက်ဝင်စေခဲ့ပြီး တစ်နှစ်လောက်အကြာမှာ နည်းဥပဒေကို အတည်ပြုလာတာပါ။
နည်းဥပဒေအရ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတွေဟာ စစ်မှုထမ်းရမယ့် အသက်အရွယ်ရောက်သူတွေကို စာရင်းပြုစုပြီး မြို့နယ်အဖွဲ့ကိုပေးပို့ကာ စာရင်းပါသူတွေကို ဆေးစစ်ဖို့ မှတ်ပုံတင်စာရင်းသွင်းမှာ ဖြစ်ပါတယ်။
ဆေးစစ်ဖို့ ဆင့်ခေါ်စာရရှိသူတွေဟာ ဆေးစစ်ဆေးရေးဘုတ်အဖွဲ့နဲ့ စစ်ဆေးပြီး စစ်မှုထမ်းနိုင်မယ့် ကျန်မာရေးအဆင့်မီကြောင်း အတည်ပြုချက်ရရင်တော့ စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရမယ်လို့ ပြဌာန်းထားတာပါ။
ဆေးအောင်ပြီးသူတွေဟာ စစ်မှုထမ်းကင်းလွတ်ဖို့ ကာလလျှော့ပေါ့ဖို့ ရွှေ့ဆိုင်းပေးဖို့ လျှောက်ထားရင် ဗဟိုအဖွဲ့ကနေ ခွင့်ပြုမိန့်မရဘဲ ပြည်ပနိုင်ငံတွေကို ထွက်ခွာခွင့်မရှိစေရဘူးဆိုတဲ့အချက်ကို တင်းကျပ်ထားပါတယ်။
အလားတူ အမိန့်စာကိုရရှိသူဟာ ဗဟိုအဖွဲ့ရဲ့ ခွင့်ပြုချက်မရှိဘဲ ပြည်ပနိုင်ငံတွေကို ထွက်ခွာခွင့် မရှိစေရဘူးလို့လည်း နည်းဥပဒေ ပုဒ်မ ၅၁ အရ ဖော်ပြထားတာ တွေ့ရပါတယ်။
မွန်ဒေသခံလူငယ်တစ်ဦးကတော့ စစ်ကောင်စီတင်းကျပ်ထားတဲ့ စစ်မှုထမ်းနည်းဥပဒေဟာ လူငယ်တွေကို နိုင်ငံတွင်းမှာ ချုပ်နှောင်လိုက်တဲ့သဘောဖြစ်လို့ အုပ်ချုပ်သူအပေါ် လုံးဝ မကျေနပ်ကြဘူးလို့ ပြောပါတယ်။
“အခုလက်ရှိ ဒီသတင်းကို ကြားပြီးတာနဲ့ လူငယ်တွေရဲ့စိတ်က ဒီနိုင်ငံအတွင်းမှာ အချုပ်အနှောင်ခံရတဲ့ သဘောဖြစ်သွားတယ်။ ကိုယ့်ရဲ့အနာဂတ်ကို ကိုယ်မပိုင်ဆိုင်ဘူးဆိုတဲ့ စိတ်ခံစားချက်တွေ ဖြစ် လာတယ်။ အဲဒီအကျိုးဆက်က ဘာဖြစ်လာနိုင်လဲဆိုရင် လက်ရှိအုပ်ချုပ်သူလူတန်းစားအပေါ်မှာလည်း ဖိအားတွေဖြစ်လာနိုင်တယ်။ အခုလူငယ်တွေက ဒီကိစ္စကိုလုံးဝ ၁၀၀ ရာခိုင်နှုန်း မကျေနပ်ကြဘူး။ ဘာလို့ဆို ပြည်တွင်းစစ်ဖြစ်နေတဲ့ နိုင်ငံမှာ စစ်မှုမထမ်းမနေရ ဥပဒေကို ထုတ်ပြန်လာတဲ့အတွက် ဘယ်သူကမှလည်း ဒီပြည်တွင်းစစ်ထဲမှာ မပါချင်ဘူး”လို့ ဆိုပါတယ်။
စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရသူဟာ ကင်းလွတ်ခွင့်၊ ကာလအပိုင်းအခြားလျှော့ပေါ့ခွင့်နဲ့ ရွှေ့ဆိုင်းခွင့်တွေအတွက် လျှောက်ထားချင်ရင်တော့ မြို့နယ်အဖွဲ့ကို လျှောက်ထားရမှာဖြစ်ပြီး အဲဒီကနေ ဗဟိုအဖွဲ့ကို အဆင့်ဆင့် တင်ပြရမှာပါ။
ဒါပေမယ့် တင်ပြလာတဲ့ ကင်းလွတ်ခွင့်တွေအပေါ် နည်းဥပဒေ ပုဒ်မ ၂၈ အရ ဗဟိုအဖွဲ့က ခွင့်ပြုနိုင်ဖို့ ထည့်သွင်းရမယ့် စံနှုန်းတွေကို အခါအားလျောစွာ သတ်မှတ်ပြီးမှ ကင်းလွတ်ခွင့်အမိန့် ထုတ်ပြန်ရမယ်လို့ ဆိုပါတယ်။
ဥပဒေပညာရှင် ဦးကြီးမြင့်ကတော့ ကင်းလွတ်ချက်တွေကို နောက်မှသတ်မှတ်မယ်ဆိုတာဟာ ပြည်သူတွေကို ထပ်မံနှိပ်ကွပ်တာဖြစ်ပြီး ပြည်သူတွေ နစ်နာအောင်လုပ်တဲ့ နည်းဥပဒေလို့ ပြောပါတယ်။
“ပြည်သူလူထုကို ကင်းလွတ်ခွင့်ပေးရမယ့်ဟာတွေကိုတော့ နောက်မှပဲစံနှုန်းသတ်မှတ်ပြီးတော့ စိ စစ်မယ်ဆိုတော့ ဒီနည်းဥပဒေကင်းလွတ်ချက်က ဘာမှပြည်သူတွေ မခံစားရဘူး။ဒီနည်းဥပဒေက ပြည်သူတွေ ဘာမှခံစားခွင့်ရတဲ့ နည်းဥပဒေမဟုတ်ဘဲနဲ့ ပြည်သူတွေကို ထပ်မံနှိပ်ကွပ်တဲ့ ဥပဒေဖြစ်တယ်။ ဒါလည်း ဥပဒေနဲ့ မညီဘူး။ ဒါကဥပဒေမှာ ပါပြီးသားဟာတွေကို ထပ်မံပြီးပိုပြီးတော့ နစ်နာစေအောင် ပြည်သူလူထုကို ထပ်မံထုတ်ပြန်တဲ့အမိန့်တွေ နည်းဥပဒေတွေသာဖြစ်တယ်”လို့ ဆိုပါတယ်။
စစ်မှုထမ်းဆင့်ခေါ်ရေး မြို့နယ်အဖွဲ့က အမိန့်စာဆင့်ခေါ်ရမယ့် လူစာရင်းတွေထဲက ဆန္ဒပြုသူတွေကို ဦးစားပေးရွေးချယ်ရမယ်လို့ ပြဌာန်းထားပေမယ့် လိုအပ်တဲ့ အရေအတွက် မပြည့်ရင် မဲနှိုက်ရွေးချယ်တဲ့ နည်းလမ်းနဲ့ ခွင့်ပြုပေးထားတာပါ။
ဒါ့အပြင် မိသားစုတစ်စုအတွင်း စစ်မှုထမ်းဖို့ အကျုံးဝင်သူ တစ်ဦးထက်ပါရင် တစ်ဦးတာဝန်ထမ်းဆောင်ပြီးမှ ကျန်သူတွေကို အလှည့်ကျ ဆင့်ခေါ်ရမယ်လို့ နည်းဥပဒေပါ ပုဒ်မ ၃၁ (ဂ) မှာ ဖော်ပြပါရှိပါတယ်။
စစ်မှုထမ်းဖို့ အသက်အရွယ်ရောက်သူတိုင်းဟာ မှတ်ပုံတင်စာရင်းသွင်းဖို့ ဆင့်ခေါ်တဲ့အခါ လာရောက်ဖို့ ပျက်ကွက်ရင်တော့ မိသားစုထံ စုံစမ်းစစ်ဆေးမှာဖြစ်သလို ပျက်ကွက်သူဟာ ထောင်ဒဏ်သုံးနှစ်အထိ ချမှတ်ခံရနိုင်ပါတယ်။
ဒီလိုမျိုး ပြည်သူတွေအပေါ် အကျပ်ဆိုက်စေတဲ့ စစ်မှုထမ်းနည်းဥပဒေအရ စစ်သားစုဆောင်းရေးမှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးကနေ မြို့နယ်အုပ်ချုပ်ရေးမှူးတွေက လိုအပ်တဲ့စာရင်းတွေကို ဆောင် ရွက်ပေးရမယ့် အနေအထားပါ။
မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောခွင့်ရ နိုင်နဂါးက စစ်တပ်အင်အားတိုးဖို့ စစ်သားစုဆောင်းရေးမှာ ပါဝင်လုပ်ဆောင်နေသူတွေကို ပြတ်ပြတ်သားသား အရေးယူသွားမယ်လို့ ပြောပါတယ်။
“စစ်ကောင်စီရဲ့ အကြမ်းဖက်စစ်တပ်အင်အားတိုးလာဖို့ စစ်သားစုဆောင်းမှုတွေကို ဆက်လက်ပြီး လုပ်ဆောင်နေမယ်ဆိုရင် ကျွန်တော်တို့ကတော့ ရန်သူလိုသဘောထားပြီး ပြတ်ပြတ်သားသား အ ရေးယူသွားမယ်။ ဒါကတော့ နဂိုထုတ်ပြန်ထားတဲ့အတိုင်းပဲ ဘာမှပြောင်းလဲမှာ မဟုတ်ဘူးလို့ ကျွန် တော် ဒီနေရာကနေပြီး အသိပေးလိုပါတယ်”လို့ ဆိုပါတယ်။
စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ နိုင်ငံ့ဝန်ထမ်းတွေလည်း စစ်မှုထမ်းရမှာဖြစ်ပြီး မိမိရရှိနေတဲ့လစာနဲ့ စစ်တပ်မှာရရှိမယ့် လစာထဲကတစ်ခုကိုသာ နှစ်သက်ရာ ခံစားခွင့်ရှိတယ်လို့ နည်းဥပဒေမှာ ဖော်ပြပါတယ်။
ဒါ့အပြင် နိုင်ငံရေးပါတီတစ်ခုခုရဲ့ အဖွဲ့ဝင်ဖြစ်ရင် စစ်မှုထမ်းကာလအတွင်း သက်ဆိုင်ရာ ပါတီကနေ နုတ်ထွက် ပြီးဖြစ်ကြောင်း မှတ်ယူရမယ်လို့ ဆိုပါတယ်။
တစ်ဘက်မှာ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးအတွက် အရေးပေါ် အခြေအနေပေါ်ပေါက်ရင် အ ရွယ်ရောက်သူနဲ့ စစ်မှုထမ်းပြီးသူ အားလုံးဖြစ်စေ အချို့ဖြစ်စေ သင့်လျော်တဲ့ဒေသမှာ စစ်မှုထမ်းဖို့ စစ်စည်းရုံးခြင်းအမိန့်ကိုလည်း ထုတ်ပြန်နိုင်တယ်လို့ ဆိုပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ဥပဒေတွေထုတ်ပေမယ့် လက်တွေ့မှာ အရွယ်ရောက်သူမှန်သမျှ တပ်ထဲဆွဲသွင်းပြီး စစ်ကောင်စီတပ်အတွက် အသေခံခိုင်းနေတဲ့ အနေအထားလို့ သုံး သပ်ပါတယ်။
“စစ်ဥပဒေတွေ နည်းဥပဒေတွေ ထုတ်နေပေမယ့် လက်တွေ့လုပ်နေတာကတွေ့သမျှ ဖမ်းမြင်သမျှ ဖမ်းပြီး လုပ်နေတာပါ။ အဲဒီတော့ ဒါတွေက လက်တွေ့ ဘာတွေ သက်ရောက်နိုင်သလဲဆိုတာ ပြောစရာမရှိတော့ပါဘူး။ စစ်ကောင်စီက အရွယ်ရောက်တဲ့သူမှန်သမျှ တပ်ထဲဆွဲသွင်းပြီး သူ့စစ်အင် အားဖြည့်တင်းဖို့ လုပ်နေတယ်။ သူ့တပ်အတွက် အသေခံခိုင်းနေတဲ့ အနေအထားပါ။ ဒါကြောင့်မို့ စစ်ကောင်စီရဲ့ မတရားတဲ့ ဥပဒေတွေ ဖျက်သိမ်းဖို့ စစ်ကောင်ကို အမြန်ဆုံးပြုတ်ကျအောင် တိုက် ခိုက်ကြဖို့ အချိန်ဖြစ်တယ်လို့ သုံးသပ်ပါတယ်ခင်ဗျာ” လို့ ဆိုပါတယ်။
စစ်မှုထမ်းဥပဒေဆိုင်ရာ အကြောင်းအရာတွေနဲ့ပတ်သက်ပြီး အခြေခံပညာကျောင်းတွေကစလို့ သင်ရိုးညွှန်းတမ်းတွေမှာ ဘာသာရပ်တစ်ခုအနေနဲ့ ထည့်သွင်းပို့ချနိုင်ဖို့ သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ ဆောင်ရွက်ရမယ်လို့ နည်းဥပဒေမှာ ထည့်သွင်းထားတာပါ။
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ ပြဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ နိုင်ငံသားတိုင်းဟာ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း မဖြစ်မနေအနည်းဆုံး ၂ နှစ်ကနေ ၅ နှစ်အထိ စစ်မှုထမ်း ရမှာ ဖြစ်ပါတယ်။
အဲဒီဥပဒေဟာ နည်းဥပဒေမပြဌာန်းခင်ကတည်းက စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဝင်တွေဟာ နည်းမျိုးစုံသုံးပြီး တပ်သားစုဆောင်းကာ စစ်မှုထမ်းအခြေခံစစ်သင်တန်း အပတ်စဉ် ၉ အထိ ဖွင့်လှစ်လာတာ ဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ အချက်အလက်တွေအအရ စစ်မှုထမ်းဥပဒေကြောင့် ဖမ်း ဆီးခံရသူပေါင်း ၂၂,၇၆၅ ဦး ရှိတယ်လို့ ဇန်နဝါရီ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI