ထားဝယ်၊ ဇန်နဝါရီ ၂၅
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ပကာရီကျေးရွာရဲစခန်းအနီး စစ်ဆေးရေးလုပ်နေတဲ့ စစ်ကောင်စီတပ်သားတစ်ဦး စနိုက်ဘာနဲ့ ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒူရကစစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။
မနေ့ ဇန်နဝါရီ ၂၄ ရက်နေ့ နေ့လည် ၁၂ နာရီခွဲအချိန်ခန့်က ပကာရီရဲစခန်းဂိတ်မှာ စစ်ဆေးရေးလုပ် ဆောင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒူရကစစ်ကြောင်းအဖွဲ့က စနိုက်ဘာနဲ့ သွားရောက် ပစ်ခတ်ခဲ့တာပါ။
အဲဒီပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်သားတစ်ဦးဟာ အခင်းဖြစ်ရာနေရာမှာပဲ ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ပကာရီရဲစခန်း စစ်ဆေးရေးဂိတ်ဟာ လုံခြုံရေးအကြောင်းပြပြီး ခရီးသွားတွေထံကနေ ငွေကြေးတောင်းခံနေတဲ့အတွက် စနိုက်ဘာနဲ့ သွားရောက်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဒူရကစစ်ကြောင်း တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စနိုက်ဘာနဲ့ ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်က ဘေးပတ်ဝန်းကျင်တွေကို လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့ပေမယ့် တော်လှန်ရေးရဲဘော်တွေ ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ ဆိုပါတယ်။
ဒူရကစစ်ကြောင်းကတော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ရေးအရှိန်အဟုန်မြှင့် လုပ်ဆောင်နေတာဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ ခရီးသွားလာရမှာ သတိပြုသွားလာကြဖို့ တိုက်တွန်းထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – ဒူရကစစ်ကြောင်း