နေပြည်တော် ၊ ဇန်နဝါရီ ၂၅
ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF တွေကို နိုင်ငံတော်ရင်ခွင်သို့ ပြန်လည်ဝင်ရောက်ရေးနဲ့ စစ်မှုထမ်းအရေအတွက် တိုးမြှင့်ခေါ်ယူရေး နိုင်ငံရေးပါတီကိုယ်စားလှယ်တွေက အကြုံပြုခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ NSPNC နဲ့ နိုင်ငံရေးပါတီများအစုအဖွဲ့တို့ ဇန်နဝါရီ ၂၃ နဲ့ ၂၄ ရက်နေ့တို့မှာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအပါအဝင် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတာပါ။
ဇန်နဝါရီ ၂၄ ရက်နေ့ အထွေထွေကဏ္ဍဆွေးနွေးမှုမှာ နိုင်ငံရေးပါတီကိုယ်စားလှယ်တွေက ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်တွေ နိုင်ငံတည်ငြိမ်မှုရရှိရေး လုပ်ဆောင်သင့်တဲ့ အစီအမံတွေကို အကြုံပြုဆွေးနွေးခဲ့ကြပါတယ်။
ဒါ့အပြင် နိုင်ငံရေးဝါဒမှိုင်းတွေကြောင့် ဖြစ်ပေါ်လာတဲ့ PDF တွေကို နိုင်ငံတော်ရင်ခွင်သို့ ပြန်လည်ဝင်ရောက်မှု များပြားလာစေရေးနဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ အရေအတွက်တိုးမြှင့်ခေါ်ယူရေးအတွက် အကြုံပြုခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားတာပါ။
သံလွင်တိုင်းမ်အနေနဲ့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ပါတီကိုယ်စားလှယ်တွေဘက်က အကြုံပြုခဲ့ခြင်းရှိ မရှိ နိုင်ငံရေးပါတီများအစုအဖွဲ့ ခေါင်းဆောင် ပြည်သူ့ပါတီ ဥက္ကဌ ဦးကိုကိုကြီးကို နှစ်ကြိမ်ထက်မနည်း ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်းမရှိပါ။
စစ်ကောင်စီအနေနဲ့ ထိတွေ့တိုက်ပွဲတွေမှာ အရေးနိမ့်မှုတွေများစွာ ရင်ဆိုင်နေရတဲ့အတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF တွေကို ဥပဒေဘောင်အတွင်း ဝင်ရောက်ဖို့ ဆုကြေးငွေပေး စည်းရုံးတာတွေ လုပ်ဆောင်နေပါတယ်။
ဒါပေမယ့် မြေပြင်မှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကသာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးအဖွဲ့တွေထံ ရာနဲ့ချီ လက်နက်ချ အလင်းဝင်တာတွေ အလံဖြူထောင်တာတွေ ဆက်တိုက်ဖြစ်ပေါ်နေတာပါ။
တစ်ဘက်မှာ ဇန်နဝါရီ ၂၃ ရက်နေ့က စစ်ကောင်စီ အတည်ပြုပြဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းနည်းဥ ပဒေပါ ပုဒ်မ ၅၃ အရ နိုင်ငံရေးပါတီဝင်ဖြစ်ရင် စစ်မှုထမ်းကာလအတွင်း သက်ဆိုင်ရာ ပါတီကနေ နုတ်ထွက်ပြီးဖြစ်ကြောင်း မှတ်ယူရမယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးညှိနှိုင်းရေးအဖွဲ့ NSPNC နဲ့ နိုင်ငံရေးပါတီများအစုအဖွဲ့တို့ ဆွေးနွေးမှုတွေအတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် သဘောထားစုစည်းချက် ၄၃ ချက် ရရှိထားပြီးဖြစ်တယ်လို့ ပါတီတွေဘက်က ထုတ်ပြောထားပါတယ်။
နှစ်ရက်တာ ဆွေးနွေးပွဲကိုတော့ NSPNC ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နဲ့ ညှိနှိုင်းရေးကော်မတီဝင်တွေ နိုင်ငံရေးပါတီများ အစုအဖွဲ့ရဲ့ အလုပ်အဖွဲ့ခေါင်းဆောင် ဦးကိုကိုကြီးနဲ့ အလုပ်အဖွဲ့ကိုယ်စားလှယ်တွေတက်ရောက်ခဲ့ကြတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MOI