“မွန်ပြည်သူလူထုတွေလည်း စစ်ရေးကာလမှာ သတိရှိရှိနေကြဖို့ ကျွန်တော်တို့ တိုက်တွန်းချင်တယ်။ မွန်လက်နက်ကိုင်တပ်တွေက ပြည်သူတွေ ထိခိုက်မှုနည်းအောင် စစ်သည်ကျင့်ဝတ်တွေအရ စစ်ပွဲမှာမပါဝင်ကြတဲ့ ပြည်သူတွေ အထိအခိုက်နည်းအောင် ကျွန်တော်တို့ ကြိုးစားသွားမှာပါ” – ဒေါက်တာ သီရိမွန်ချမ်း
အာဏာသိမ်းမှု လေးနှစ်ပြည့်ခါနီးချိန် ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၇ ရက်နေ့မှာ မွန်လက်နက်ကိုင်တော်လှန်ရေး ၄ ဖွဲ့ဟာ စစ်အာဏာရှင်စနစ်ကိုအတူတကွ တိုက်ဖျက်ဖို့ ရာမညပူးတွဲစစ်ကြောင်းကို ဖွဲ့စည်းလိုက်ပါတယ်။
အဲဒီ မွန်တပ် ၄ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ ရာမညပူးတွဲစစ်ကြောင်းမှာတော့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA၊ မွန်ပြည်သစ်ပါတီ AD ရဲ့ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် MNLA-AD၊ မွန်ပြည်ကာကွယ်ရေးတပ် MSDF နဲ့ မွန်ပြည်တော်လှန်ရေးတပ် MSRF တို့ ပါဝင်တာတွေ့ရပါတယ်။
ရာမညစစ်ကြောင်းအနေနဲ့ စစ်ဆင်ရေးဖော်ဆောင်မယ့် ဒေသတွေအကြောင်း၊ အဖွဲ့ ၄ ခုပေါင်းစည်းလိုက်ရခြင်းကနေ ရရှိလာမယ့် အကျိုးကျေးဇူးတွေ၊ ဗျူဟာမြောက် စစ်ဆင်ရေးတွေ ရှိလာနိုင်မယ့် အခြေအနေနဲ့ ပွဲဦးထွက် စစ်ရေးဖော်ဆောင်မှုအကြောင်း အသေးစိတ်သိရနိုင်ဖို့ ရာမညစစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ သီရိမွန်ချမ်းနဲ့ သံလွင်တိုင်းမ်က အခုလိုပဲ မေးမြန်းထားပါတယ်။
မေး – အရင်ဦးဆုံး ရာမညစစ်ကြောင်းအနေနဲ့ ဘယ်ဒေသတွေကို စစ်ဆင်ရေး စတင်သွားဖို့ ရှိနေမလဲ။ ဥပမာ – မွန်ပြည်နယ်တစ်ခုတည်းပဲလား။ ဒါမှမဟုတ် ဆက်စပ်ဒေသတွေမှာ စစ်ဆင်ရေးလုပ်သွားမလား။
ဖြေ – ရာမညစစ်ကြောင်းရဲ့ စစ်ရေးလှုပ်ရှားမှုနယ်မြေကို မွန်ပြည်နယ်တစ်ခုလုံးကို သတ်မှတ်ထားတာ ရှိတယ်။ သို့သော် စစ်ရေးအရ လိုအပ်ချက်ရှိရင်တော့ မွန်နဲ့တနင်္သာရီနဲ့လည်း ဆက်နေတယ်။ မြောက်ပိုင်းမှာ ကရင်ပြည်နယ်နဲ့လည်း ဆက်နေတော့ လိုအပ်ရင် လိုအပ်သလို စစ်ဆင်ရေးတွေ မဟာမိတ်တွေနဲ့ ပူးတွဲပြီးတော့ လုပ်သွားမှာပါ။
မေး – အခုလို စစ်ကြောင်းဖွဲ့လိုက်တာဟာ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ပြန့်ကျဲနေတာထက်စာရင် စုစုစည်းစည်းနဲ့ ကျစ်လစ်ခိုင်မာစွာ စစ်ဆင်ရေးဆင်နွှဲဖို့ ဘယ်လိုမျိုး အကျိုးကျေးဇူးတွေ ရှိလာနိုင်မလဲ။
ဖြေ – အခုလိုမျိုး ဗျူဟာမြောက်စစ်ကြောင်းဖွဲ့ပြီး စစ်ဆင်ရေးအတွက် အရင်က တစ်ဖွဲ့ချင်းစီ လုပ်နေတာထက်စာရင် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုတွေ ပိုပြီးလုပ်လာနိုင်မှာပါ။
၂၀၂၂ ကနေ ၂၀၂၄ အထိ မွန်ပြည်နယ်မှာ လှုပ်ရှားနေတဲ့ မွန်လက်နက်ကိုင်တပ်တွေအားလုံး တစ်ဖွဲ့ချင်းစီ ကွဲပြားပြီး လှုပ်ရှားနေမယ့်အစား အခုလိုမျိုး စုစည်းပြီး ဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်နိုင်ခဲ့ရင် စစ်ရေးရည်မှန်းချက်တွေအတွက် အများကြီး အကျိုးကျေးဇူးဖြစ်လာနိုင်မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ အခုလို ပူးတွဲစစ်ကြောင်းကို ဖွဲ့စည်းရခြင်းဖြစ်တယ်။
မေး – မွန်တပ်ဖွဲ့ ၄ ဖွဲ့အနေနဲ့ အခုလို စစ်ကြောင်းဖွဲ့လိုက်တဲ့အပေါ် တပ်ရင်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်မယ့် အခြေအနေရှိနိုင်မလား။
ဖြေ – ရာမညပူးတွဲစစ်ကြောင်း ဖွဲ့စည်းရတဲ့ အဓိက အချက်တစ်ချက်ဖြစ်တဲ့ ဗျူဟာမြောက်စစ်ဆင်ရေးတွေ ဆင်နွှဲနိုင်ဖို့ တပ်ရင်း၊ စစ်စခန်းနဲ့ အချက်အခြာကျတဲ့ နယ်မြေ ဒါမှမဟုတ် တပ်စခန်းတစ်ခုခုကို သိမ်းပိုက်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ ကျွန်တော်တို့ အုပ်စုဖွဲ့ ထားတဲ့အတွက်ကြောင့် ခုနက အရေးကြီးတဲ့ စစ်ဌာနတစ်ခုကို ဖြစ်စေ တိုက်ခိုက်သိမ်းပိုက်ဖို့ ကျွန်တော်တို့ ရည်မှန်းချက်ချထားပါတယ်ခင်ဗျ။
မေး – ဒီစစ်ကြောင်းကနေ ဗျူဟာမြောက်စစ်ဆင်ရေးတွေ ဖော်ဆောင်တဲ့အထိ ရည်မှန်းထားသလား။ အခြားသော တော်လှန်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး ထိုးစစ်ဆင်ဖို့ကိုပေါ့။
ဖြေ – ရာမညပူးတွဲစစ်ကြောင်းအနေနဲ့ ဗျူဟာမြောက်စစ်ဆင်ရေးတွေ ဖော်ဆောင်နိုင်ဖို့ ကျွန်တော်တို့ ရည်မှန်းထားပါတယ်။ ဒီထက်အချက်အခြာကျတဲ့ ဗျူဟာမြောက်စစ်ဆင်ရေးတွေကို မဟာမိတ်အဖွဲ့အစည်းတွေဖြစ်ကြတဲ့ NUG၊ MOD၊ PDF တွေနဲ့ ကျွန်တော်တို့ရဲ့ မဟာမိတ် KNU တပ်ဖွဲ့တွေနဲ့လည်း လိုအပ်ရင်လိုအပ်သလို ပူးတွဲပြီး စစ်ဆင်ရေးတွေ လုပ်သွားပါမယ်။
မေး – လွန်ခဲ့တဲ့ တစ်ပတ်ကျော်လောက်မှာ စတင်ခဲ့တဲ့ ကျုံလောင်းတိုက်ပွဲမှာတုန်းက အခြားတော်လှန်ရေးအဖွဲ့တွေနဲ့ မွန်တပ်ဖွဲ့ ၄ ဖွဲ့ အတူတကွ တိုက်ပွဲဝင်တာမျိုး ရှိမလား။
ဖြေ – လွန်ခဲ့တဲ့ တစ်ပတ်ကျော်လောက်မှာ စတင်ခဲ့တဲ့ ကျုံလောင်းတိုက်ပွဲမှာတုန်းက ကျွန်တော်တို့ မွန်လက်နက်ကိုင်လေးဖွဲ့ဖြစ်တဲ့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA၊ မွန်ပြည်သစ်ပါတီ AD၊ မွန်ပြည်ကာကွယ်ရေးတပ် MSDF နဲ့ မွန်ပြည်တော်လှန်ရေးတပ် MSRF တပ်ဖွဲ့တွေလည်း အတူတကွ တိုက်ခိုက် တိုက်ပွဲဝင်လာခဲ့တယ်။ အခုလည်း တိုက်ပွဲဝင်နေပါတယ်။
ရာမညပူးတွဲစစ်ကြောင်း မဖွဲ့စည်းနိုင်တည်းက မိမိတို့အနေနဲ့ လွန်ခဲ့တဲ့ ၂၀၂၄ ဒီဇင်ဘာ ၁၈ ရက်နေ့က ချမှတ်ထားတဲ့ စစ်ရေးဆိုင်ရာပူးတွဲလှုပ်ရှားမှုတွေ လက်တွေ့ကျကျ အကောင်အထည်မဖော်နိုင်သေးခင်မှာပဲ စစ်ရေးအရ အရေးကြီးတဲ့ ကျုံလောင်းတိုက်ပွဲမှာ ကျွန်တော်တို့ မွန်လက်နက်ကိုင်တပ်ဖွဲ့လေးဖွဲ့က အခုချိန်အထိ အတူတကွ တိုက်ပွဲဝင်နေကြပါတယ်။
မေး – ရာမညစစ်ကြောင်းအနေနဲ့ ပွဲဦးထွက် စစ်ဆင်ရေးကို ဘယ်တော့လောက် မျှော်လင့်လို့ ရနိုင်မလဲ။ ဒီအပေါ် လူထုကို ဘာများပြောချင်တာရှိမလဲ။
ဖြေ – ရာမညစစ်ကြောင်းအနေနဲ့ ပွဲဦးထွက် စစ်ဆင်ရေးကို ကျွန်တော်တို့ အမြန်ဆုံး လုပ်နိုင်ဖို့ စီမံချက်တွေ ချထားပါတယ်။ စစ်ရေးဆိုင်ရာ လျှို့ဝှက်ချက်ဖြစ်လို့ ဘယ်ရက်ဘယ်လလောက်မှာ လုပ်မလဲဆိုတာ မပြောခွင့်ပြုပါခင်ဗျ။
မွန်ပြည်သူပြည်သားများကို ပြောချင်တာက မွန်ပြည်နယ်မှာ မွန်လက်နက်ကိုင်တပ်တွေ စစ်ရေးဖော်ဆောင်မှုတွေ မလုပ်တာတောင်မှ စကစရဲ့ အကြမ်းဖက်နှိပ်စက်မှုတွေ တခြားတိုင်းနဲ့ပြည်နယ်တွေကနေ ကူးစက်လာတဲ့ စစ်ဘေးဒဏ်ကို ကျွန်တော်တို့မွန်ပြည်သူ ပြည်သားတွေ ခံစားနေကြရတယ်။
စကစရဲ့ ဖိနှိပ်မှုအောက်ကနေ မဖောက်ထွက်နိုင်ဘူးဆိုရင် ကျွန်တော်တို့ သားစဉ်မျိုးဆက် ဒီလိုဖိနှိပ်ခံမှုတွေ ခံနေရမယ်။ ဒါကြောင့်မို့လို့ ဒီတော်လှန်ရေးတစ်ခုမှာ အပေးအယူ ရှိလာစမြဲပါ။ အောင်မြင်မှုအတွက် အနစ်နာခံမှုတွေ ရှိမယ်။ ဒီလိုမျိုး ပေးဆပ်မှုတွေရှိမှသာ ကျွန်တော်တို့လိုလားတဲ့ အောင်မြင်မှုတွေ ရလာနိုင်မယ်။ မွန်ပြည်သူလူထုတွေလည်း စစ်ရေးကာလမှာ သတိရှိရှိနေကြဖို့ ကျွန်တော်တို့ တိုက်တွန်းချင်တယ်။
မွန်လက်နက်ကိုင်တပ်တွေက ပြည်သူတွေ ထိခိုက်မှုနည်းအောင် စစ်သည်ကျင့်ဝတ်တွေအရ စစ်ပွဲမှာမပါဝင်ကြတဲ့ ပြည်သူတွေ အထိအခိုက်နည်းအောင် ကျွန်တော်တို့ ကြိုးစားသွားမှာပါ။
သံလွင်တိုင်းမ်