ဘားအံ၊ ဇန်နဝါရီလ ၂၂
ကရင်ပြည်နယ် ဘားအံမြို့နယ် ကျုံစိန်ကျေးရွာနဲ့ဖလံတောင်ကျေးရွာကြားမှာ ဇန်နဝါရီ ၂၁ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီတပ်က ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ KNU သထုံခရိုင်တာဝန်ရှိသူတွေထံကနေ သိရပါတယ်။
အဲဒီနေ့ ညနေ ၃ နာရီကျော်ခန့်မှာ စစ်ကောင်စီတပ်ဘက်က ဂျက်ဖိုက်တာ တစ်စီးနဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲချခဲ့ရာ ဒေသခံတွေ စိုက်ပျိုးထားတဲ့ ရော်ဘာခြံတွေအတွင်း ကျရောက်ပေါက်ကွဲခဲတယ်လို့ဆိုပါတယ်။
“ဗုံးလာကြဲတာတော့ဟုတ်တယ်။ လူတွေနေတဲ့နေရာမကျဘဲ ရော်ဘာခြံတွေထဲကျတာဆိုတော့ လူထိခိုက်တာတော့မရှိဘူး။ မဲပလီဘက်က စစ်ရေးတင်းမာနေတော့ ဒီဘက်မှာလည်း ပူးပေါင်းတပ်တွေရှိတယ်ထင်ပြီးလာချတာနေမယ်” လို့ KNU သထုံခရိုင် တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဗုံးကျလို့ လူထိခိုက်တာမျိူးမရှိပေမယ့် ရော်ဘာပင်တွေကတော့ ပျက်စီးမှုတွေရှိခဲ့တယ်လို့ဆိုပါတယ်။
ယခုလဆန်းပိုင်းလောက်စပြီး မဲပလီကျေးရွာရှိ ခမရ ၄၀၅ တပ်ရင်းနဲ့မဲပလီဗျူဟာကုန်းကို KNLA ပူးပေါင်းတပ်တွေဘက်က ပိတ်ဆို့ထားပြီး တိုက်ပွဲတွေလည်းဖြစ်ပွားနေတာကြောင့် စစ်ကောင်စီဘက်က လေကြောင်းကနေ ဗုံးကြဲတာ၊ ဒရုန်းဗုံးချတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
အခု စစ်ကောင်စီ ဗုံးလာကြဲတဲ့ကျေးရွာတွေက စစ်ရေးတင်းမာမှုရှိနေတဲ့ မဲပလီဒေသနဲ့ကပ်လျက်ရှိနေတဲ့ ကျေးရွာတွေဖြစ်တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ မဲပလီဒေသပတ်ဝန်းကျင်ကို ဇန်နဝါရီ ၁၆ ရက်နေ့ ည ၆ နာရီကနေ ည ၈ နာရီအချိန်အထိ လေကြောင်းကနေ ဂျက်ဖိုက်တာ တိုက်ခိုက်ရေးလေယာဉ် သုံးစီးနဲ့ ဗုံးခြောက်လုံးထက်မနည်း လာရောက်ကြဲချခဲ့ပါသေးတယ်။
အဲဒီလို ဗုံးကြဲမှုကြောင့် မဲပလီဒေသရှိ တောင်ကလေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်တချို့ ထိခိုက်ပျက်စီးတာရှိခဲ့တယ်လို့ သိရပါတယ်။
နှစ်ဖက်စစ်ရေးတင်းမာမှုကြောင့် မဲပလီနဲ့အစူးချောင်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ ၁၂ ရွာက ဒေသခံ ၂၀၀၀ နီးပါးဟာ ဘေးလွတ်ရာနေရာတွေထံ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ