မော်လမြိုင်၊ ဇန်နဝါရီ ၂၂

စစ်အာဏာသိမ်းကာလအတွင်း နိုင်ငံတစ်ဝန်းမှာ စစ်ကောင်စီတပ်ကြောင့် ပညာရေးနယ်ပယ်မှ ဆရာ/ဆရာမတွေ အပါအဝင် ကျောင်းသူ ကျောင်းသား စုစုပေါင်း ၂၅၂ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ဇန်နဝါရီ ၂၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၁ ရက်နေ့အထိ နိုင်ငံတစ်ဝန်းမှာ စစ်ကောင်စီကြောင့် ပညာရေးနယ်ပယ်မှ အမျိုးသမီး ၇၂ ဦးနဲ့ အမျိုးသား ၁၈၀ ဦး သေဆုံးခဲ့တာကို အမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီထဲမှာ အသက် ၁၈ နှစ်အောက် ကလေးငယ် ၈၈ ဦး ပါဝင်ပြီး စစ်ကိုင်းတိုင်းမှာ ၅၄ ဦးနဲ့ သေဆုံးသူအများဆုံး ဖြစ်ပါတယ်။

သေဆုံးသူတွေထဲက ၁၁၀ ဦးဟာ စစ်ကောင်စီတပ်သားတွေရဲ့ သေနတ် ပစ်ခတ်မှုကြောင့် အများဆုံး သေဆုံးခဲ့ရပြီး ၆၈ ဦးမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒုတိယအများဆုံး သေဆုံးခဲ့တာဖြစ်တယ်လို့ AAPP က ဆိုပါတယ်။

ဒါအပြင် အဲဒီကာလအတွင်း နိုင်ငံတဝန်းမှာ စစ်ကောင်စီက ပညာရေးနယ်ပယ်မှ ဆရာ/ဆရာမတွေနဲ့ ကျောင်းသား/ကျောင်းသူ အမျိုးသမီး ၄၂၇ ဦးနဲ့ အမျိုးသား ၆၃၄ ဦး စုစုပေါင်း ၁၀၆၁ ဦးကို နိုင်ငံရေးအရ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး အဲဒီထဲမှာ အသက် ၁၈ နှစ်အောက် ကလေးငယ် ၁၂ ဦး ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းကာလအတွင်း အာဏာသိမ်းမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဖမ်းဆီးခံရသူ စုစုပေါင်း ၂၈၃၀၄ ဦး ရှိပြီး အဲဒီထဲမှ နှစ်သောင်းကျော်ဟာ လက်ရှိအချိန်ထိ ဖမ်းဆီးထိန်းသိမ်းခံထားရတယ်လို့ ဆိုပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.