မော်လမြိုင် ၊ ဇန်နဝါရီ ၂၂

အွန်လိုင်း လူမှုဆိုရှယ်မီဒီယာတွေမှာ စစ်ကောင်စီကို ဝေဖန်ရေးသားပြောဆိုမှုတွေကြောင့် ပြီးခဲ့တဲ့နှစ် နိုဝင်ဘာနဲ့ ဒီဇင်ဘာအတွင်း ဖမ်းဆီးအရေးယူခံရသူ ၃၂ ဦး ရှိခဲ့တယ်လို့ လွတ်လပ်စွာပြောဆိုခွင့်အရေး လှုပ်ရှားနေတဲ့ အသံအဖွဲ့က ထုတ်ပြန်ပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံရသူအများစုဟာ သာမန်အရပ်သားပြည်သူတွေဖြစ်ပြီး အမျိုးသား ၃၀ ဦးနဲ့ အမျိုးသမီး နှစ်ဦးတို့ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က နဲ့ အရေးယူထားခံရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်ကောင်စီရဲ့ ထိန်းချုပ်မှုအောက်မှာ လူမှုစီးပွားဘဝ ထိုးဆင်းလာတာ၊လူထုရဲ့ အထွေထွေ အကျပ်အတည်း ကြီးမားလာတာနဲ့အမျှ စစ်ခေါင်းဆောင်တွေကို ဝေဖန်တာ သရော်စာရေးတာနဲ့ နိုင်ငံရေးထုတ်ဖော်ပြောဆိုမှု‌တွေ ပေါ်ပေါက်လာနေတာလို့ အသံအဖွဲ့က ဆိုပါတယ်။

လွတ်လပ်စွာထုတ်ဖော် ပြောဆိုရေးသားမှုတွေကြောင့် ဒေသအလိုက် ဖမ်းဆီးခံရမှုမှာ ဧရာဝတီတိုင်းမှာ ၂၁ ဦးနဲ့ အများဆုံးဖြစ်ပြီး ရန်ကုန်တိုင်းမှာ သုံးဦး၊ မွန်၊ ရှမ်းပြည်နယ်အပါအဝင် မန္တလေးတိုင်းတို့မှာ နှစ်ဦးစီနဲ့ တနင်္သာရီတိုင်းမှာ‌တော့ တစ်ဦး ပါဝင်ပါတယ်။

အဲဒီထဲမှာ သာမန်ပြည်သူ ၂၉ ဦး ပါဝင်ပြီး ကလေးသူငယ်တစ်ဦးအပါအဝင် ဘာသာရေးခေါင်းဆောင်နဲ့ စီးပွားရေးသမား တစ်ဦးစီ ပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီအနေနဲ့ နည်းပညာတွေကို စနစ်တကျအသုံးချပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အပါအဝင် အင်တာနက်နဲ့ ဒီဂျစ်တယ်အခွင့်အရေးတွေကို ကန့်သတ်ဖိနှိပ်မှုတွေလုပ်ဖို့ ပြီးခဲ့တဲ့နှစ်အတွင်း အားစိုက်လာတယ်လို့ အသံအဖွဲ့က ဆိုပါတယ်။

အဲဒီထဲမှာ ဆိုရှယ်မီဒီယာစာမျက်နှာတွေနဲ့ အင်တာနက်လွတ်လပ်ခွင့်ကို ပိတ်ပင်ထားတဲ့အပြင် ပိတ်ပင်မှုကို ဖြတ်ကျော်လို့ ရနိုင်တဲ့ VPN ဆော့ဝဲလ်တွေကို ကန့်သတ်ပိတ်ပင်တာ၊ အသုံးပြုလို့ တွေ့ရှိရင် ဖမ်းဆီးအရေးယူတာတွေကို တင်းတင်းကျပ်ကျပ် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.