နောင်ချို၊ ဇန်နဝါရီ ၂၂
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ပြည်သူ တစ်ဦး သေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ဇန်နဝါရီ ၂၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ဇန်နဝါရီ ၂၁ ရက် မွန်းလွဲ ၂ နာရီအချိန်ခန့်မှာ နောင်ချိုမြို့နယ်ရှိ စည်ပင်ရုံးနဲ့ အထွေထွေ အုပ်ချုပ်ရေးမှူးရုံးအနီးကို ဂျက်ဖိုက်တာ တိုက်လေယာဉ်နဲ့ ဗုံးနှစ်လုံး လာရောက် ကြဲချ တိုက်ခိုက်ခဲ့တာပါ။
အဲဒီလို ဗုံးကြဲတိုက်ခိုက်မှုကြောင့် နောင်ချိုမြို့ခံ ပြည်သူတစ်ဦး သေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သလို နေအိမ်တစ်လုံးနဲ့ စည်ပင်ရုံး အဆောက်အဦတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံတွေရဲ့ နေအိမ်တွေ မီးလောင်ကျွမ်းခဲ့ပြီး အဲဒီ မီးကို PSLF/TNLA မီးသတ်ဌာနနဲ့ ပြည်သူတွေက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်နေ့ကလည်း ကျောက်မဲမြို့နယ် ပန်ပေါက်ကျေးရွာ တိုးဂိတ်အနီးမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – TNLA