ကော့ကရိတ်၊ ဇန်နဝါရီလ ၂၂
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကျိုက်ဒုံမြို့ အမှတ် ၅ ရပ်ကွက်ကို စစ်ကောင်စီတပ်က ဇန်နဝါရီလ ၂၂ ရက်နေ့ မနက်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတာကြောင့် အမျိုးသမီး ၁ ဦးသေဆုံးသွားတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
ဒီနေ့ မနက် ၇ နာရီခန့်မှာ အမှတ် ၅ ရပ်ကွက်ရှိ မီးသတ်ရုံးကို စစ်ကောင်စီဘက်က ဂျက်လေယာဉ်နဲ့ ဗုံးတစ်လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ရုံးအဆောက်အဦကို ထိမှန်ခဲ့တယ်လို့ဆိုပါတယ်။
“ဗုံးကြဲချတဲ့အချိန် သေဆုံးသူအမျိူးသမီးက ရုံးဘေးနားက နေအိမ်အရှေ့မှာ မီးလှုံနေတာ။ အဲဒါပေါက်ကွဲစတွေမှန်ပြီး နေရာမှာပဲ သေသွားတယ်။ ရုံးလည်း တော်တော်ပျက်စီးသွားတယ်” လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
သေဆုံးသူ အမျိုးသမီးဟာ အသက် ၅၀ အရွယ်ခန့်ရှိနေပြီး အမှတ် ၅ ရပ်ကွက်မှာနေထိုင်သူဖြစ်ကာ ရော်ဘာခြံလုပ်ငန်း လုပ်ကိုင်သူဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ချိန်မှာတော့ ကျိုက်ဒုံမြို့ပေါ်မှာ တိုက်ပွဲဖြစ်ပွားတာမရှိခဲ့တဲ့အပြင် မီးသတ်ရုံးအတွင်းမှာ KNLA ပူးပေါင်းတပ်တွေကလည်း ရှိမနေဘူးလို့ သိရပါတယ်။
ကျိုက်ဒုံမြို့ပေါ်မှာ စစ်ကောင်စီအုပ်ချုပ်ရေး ယန္တရားလည်ပတ်နိုင်တာမရှိသလို စစ်ကောင်စီအဖွဲ့တွေလည်းမရှိတာ တစ်နှစ်နီးပါးရှိနေပြီလို့ သိရပါတယ်။
စစ်ကောင်စီက ကျိုက်ဒုံမြို့မှာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေပါဖြတ်တောက်ထားလို့ နေရာတိုင်း ဖုန်း၊ အင်တာနက်အလွယ်တကူသုံးမရဘဲ လိုင်းမိတဲ့နေရာတွေကနေ ဆက်သွယ်အသုံးပြုနေကြရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ကလည်း ကော့ကရိတ်မြို့နယ် ကမိုင်ကုန်းကျေးရွာဘက်ကို စစ်တပ်က ဒရုန်းနဲ့ဗုံးချလို့ အမျိုးသား ၁ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရတယ်လို့ KNU ဗဟိုက ထုတ်ပြန်ချက်အရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ