ကျိုက်ထို၊ ဇန်နဝါရီလ ၂၃

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ဌက်ပျောတောကျေးရွာမှာ ဇန်နဝါရီလ ၂၁ ရက် ညပိုင်းက စစ်ကောင်စီတပ်ဘက်ကနေ ရမ်းသမ်းပစ်လိုက်တဲ့ လက်နက်ကြီးထိလို့ ပြည်သူ ၁ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရတယ်လို့ ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့ဝင်တွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။

အဲဒီနေ့ ညနေ ၆ နာရီခွဲအချိန်ခန့်မှာ အမှတ် ၆၀၂ ဒုံးတပ်ရင်းကနေ လက်နက်ကြီး ၄ လုံးပစ်ခတ်ခဲ့ရာ ၂ လုံးဟာ ဌက်ပျောတောကျေးရွာအောက်ပိုင်းက လူနေအိမ်တွေပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး လူထိခိုက်သေဆုံးမှုတွေ ရှိခဲ့တာဖြစ်တယ်လို့ ဒေသအခြေစိုက်တော်လှန်ရေး ရဲဘော်တစ်ဦးက ဆိုပါတယ်။

လက်နက်ကြီးထိမှန်တာကြောင့် အသက် ၅၄ နှစ်အရွယ် ဒေါ်အေးချိုမှာ ဗိုက်ပွင့်ဒဏ်ရာနဲ့ နေရာမှာပင်သေဆုံးပြီး အသက် ၁၅ နှစ်အရွယ် သမီးဖြစ်သူ မယွန်းနဒီဦး၊ တခြားနေအိမ်မှ အသက် ၁၅ နှစ်အရွယ် မလဲ့လဲ့ခိုင်၊ အသက် ၆၀ အရွယ် ဒေါ်ခင်ညွှန့်တို့မှာ ရင်ဘတ်၊ လက်၊ ခန္ဓာကိုယ်တွေမှာ ပြင်း ထန်ထိခိုက်ဒဏ်ရာရပြီး ကျိုက်ထိုဆေးရုံကို ပို့ဆောင်ထားရပါတယ်။

အဲဒီအပြင် နေအိမ် ၃ လုံး၊ ကား ၁ စီးနဲ့ အိမ်တွင်းပစ္စည်းတွေထိခိုက်ပျက်စီးမှုတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်တပ်ဘက်က လက်နက်ကြီးပစ်ခတ်ခဲ့တဲ့ ဌက်ပျောတောကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားနေတာမရှိသလို တော်လှန်ရေးအဖွဲ့တွေ အခြေချလှုပ်ရှားနေတာလည်းမရှိဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၁ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ် တဂေးချောင်းဖျားကျေးရွာမှာ စစ်ကောင်စီတပ် ရမ်းသမ်းပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ပြည်သူ ၃ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.