ရန်ကုန် ၊ ဇန်နဝါရီ ၂၂

မဲခေါင်ဒေသတွင်း နိုင်ငံတွေရဲ့ အွန်လိုင်း ငွေလိမ်လုပ်ငန်း ကျားဖြန့်နဲ့ လက်နက်ခဲယမ်းမှောင်ခိုမှု တိုက်ဖျက်ရေးအတွက် ထိရောက်တဲ့ ပူးပေါင်း‌ဆောင်ရွက်မှုတွေ စတင်သွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကနေ ဇန်နဝါရီ ၂၁ ရက်နေ့က အသိပေးထုတ်ပြန်ပါတယ်။

လန်ချန်း-မဲခေါင် တရားဥပဒေစိုးမိုးရေးပူးပေါင်းဆောင်ရွက်မှုစင်တာ LMLECC က ဇန်နဝါရီ ၂၁ ရက်နေ့မှာ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့မှာ“ဇင်ယော်” ပူးပေါင်းလှုပ်ရှားမှု ပြန်လည်သုံးသပ်ခြင်းအစည်းအဝေးကို ကျင်းပခဲ့ပါတယ်။

အဲဒီအစည်းအဝေးမှာ မဲခေါင်ဒေသတွင်းနိုင်ငံတွေဖြစ်တဲ့ ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတွေရဲ့ ပြည်ထဲရေး၊ ပြည်သူ့လုံခြုံရေး၊ ကာကွယ်ရေးနဲ့တော်ဝင်ရဲတပ်ဖွဲ့က ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြတာပါ။

အခုနှစ် သင့်လျော်တဲ့အချိန်မှာ “ဇင်ယော်” ပူးပေါင်းလှုပ်ရှားမှု ဒုတိယပိုင်းကို စတင်သွားမှာဖြစ်ပြီး ကျားဖြန့်နဲ့ ကွင်းဆက်ရာဇဝတ်မှုတွေကို အဆက်မပြတ် အာရုံစိုက် တိုက်ဖျက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

နိုင်ငံအသီးသီးကနေ ပျောက်ဆုံး၊ ပိတ်လှောင်ခံနေရတဲ့ပြည်သူတွေကို ကယ်ဆယ်သွားမှာဖြစ်ပြီး ဒေသတွင်း နိုင်ငံသားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်လုံခြုံရေးနဲ့ ဒေသတွင်း လုံခြုံတည်ငြိမ်ရေးတို့ကို လက်တွေ့ကျကျ ကာကွယ်ပေးသွားမယ်လို့ တရုတ်သံရုံးက ဆိုပါတယ်။

“ဇင်ယော်” လှုပ်ရှားမှုဟာ ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတွေရဲ့ တရားဥပဒေစိုးမိုးရေးဌာနတွေက ညှိနှိုင်းပြီး ကျားဖြန့်နဲ့ လက်နက်ခဲယမ်းမှောင်ခိုမှုတွေကို အတူတကွ တိုက်ဖျက်ခဲ့ကြတယ်လို့ အသိပေးထားတာပါ။

ဒေသတွင်းနိုင်ငံတွေရဲ့ ဘက်အသီးသီးကနေ ကျားဖြန့်ကို အဓိကထားတဲ့ ရာဇဝတ်မှုပေါင်း ၁၆၀ မှုကို စုံစမ်းဖော်ထုတ်နိုင်ခဲ့ပြီး တရားခံပေါင်း ၇ သောင်းကျော် ဖမ်းဆီးရမိကာ ပြည်သူ ၁၆၀ ကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ တရုတ်သံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကျားဖြန့်နှိမ်နင်းရေးနဲ့ပတ်သက်ပြီး စစ်ကောင်စီက မြန်မာနိုင်ငံမှာ တရားမဝင် နိုင်ငံခြားသား ငါးသောင်းခွဲကျော်ကို စိစစ်ဖော်ထုတ်ပြီး သက်ဆိုင်ရာနိုင်ငံတွေကို လွှဲပြောင်းပေးခဲ့တယ်လို့ ဇန်နဝါရီ ၂၀ ရက်နေ့မှာ သတင်းထုတ်ပြန်ထားတာပါ။

ဖက်ဒရယ်ဒီမိုကရေစီ အင်အားစုတွေကလည်း မြန်မာနိုင်ငံတွင်းက ကျားဖြန့်လုပ်ငန်းကို တိုက်ဖျက်နိုင်ဖို့ တရုတ်အပါအဝင် အိမ်နီးချင်းနိုင်ငံတွေကို ဆက်သွယ်ရေးနဲ့ သတင်းအချက်အလက် မျှဝေတဲ့ လမ်းကြောင်းတွေ တည်ထောင်သွားဖို့ ‌‌တောင်းဆိုထားပြီး နိုင်ငံတကာနဲ့ ပူးပေါင်းဖို့ အသင့်ရှိတယ်လို့ အသိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ လုပ်ဆောင်နေသည်ဟုဆိုသော KK Park မြို့သစ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.