မြောက်ဦး၊ ဇန်နဝါရီ ၂၀
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ရမ်းချောင်ကျေးရွာအနီးမှာရှိတဲ့ စစ်သုံ့ပန်းနဲ့ မိသားစုတွေ ထားရှိတဲ့ အချုပ်ခန်း လေကြောင်းနဲ့ဗုံးကြဲခံရတာကြောင့် ကလေးငယ်နဲ့ အမျိုးသမီး အပါအဝင် စုစုပေါင်း ၂၈ ဦး သေဆုံးခဲ့တယ်လို့ အာရက္ခတပ်တော် AA က ဇန်နဝါရီ ၁၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၈ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်ခန့်မှာ AA က တိုက်ပွဲအတွင်း ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းတွေနဲ့ မိသားဝင်တွေ ယာယီထိန်းသိမ်းထားတဲ့ အချုပ်ခန်းကို စစ်ကောင်စီက ဂျက်ဖိုက်တာလေယာဉ်နဲ့ သုံးကြိမ်တိုင်တိုင် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယာယီအချုပ်ခန်းမှ ကလေးငယ်နဲ့ အမျိုးသမီး အပါအဝင် စုစုပေါင်း ၂၈ ဦး သေဆုံးပြီး ၂၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ ဗုံးကြဲမှုကြောင့် ဒဏ်ရာရရှိသူတွေထဲမှ အချို့ဟာ အရေးပေါ် ဆေးကုသမှု ခံယူနေရပြီး အဲဒီထဲမှာ ဒဏ်ရာ ပြင်းထန်သူအချို့လည်း နောက်ထပ် သေဆုံးစာရင်းမှာ ထပ်တိုးလာနိုင်တယ်လို့ ဖော်ပြထားပါတယ်။
အခုလို ဗုံးကြဲခံရတာကြောင့် ထိခိုက်သေဆုံးခဲ့တဲ့ စစ်သုံ့ပန်းမိသားစုဝင်တွေဟာ ရခိုင်ဒေသက စစ်ပွဲတွေမှာ ဖမ်းဆီးရမိထားတဲ့ စစ်ကောင်စီရဲ့ တပ်မိသားစုဝင်တွေဖြစ်ပြီး မကြာမီ အချိန်ကာလတခုမှာ AA က ပြန်လွှတ်ပေးဖို့ စီစဉ်ထားတာကြောင့် ရမ်းချောင်းအနီးမှာ ယာယီထိန်းသိမ်းထားတာတယ်လို့ ဆိုပါတယ်။
နိုင်ငံတဝန်း စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်း၊ ဈေး၊ ဘာသာရေးအဆောက်အအုံ၊ လမ်းတံတား၊ စစ်ဘေးရှောင်စခန်းနဲ့ လူနေထူထပ်တဲ့ နေရာတွေက ပြည်သူတွေအား ပစ်မှတ်ထား တိုက်ခိုက်တဲ့ လုပ်ရပ်တွေကို ဥပဒေမဲ့ ပြုလုပ်နေပြီး စစ်ရာဇဝတ်မှုတွေ နေ့စဉ်နဲ့အမျှ ကျူးလွန်နေတာ ဖြစ်ပါတယ်။
တစ်ဖက်မှာလည်း စစ်ကောင်စီဟာ ၂၀၂၅ ခုနှစ် အစောပိုင်းကစပြီး အခုလို အကြမ်းဖက်တိုက်ခိုက်မှုတွေကို ခပ်စိပ်စိပ် ပိုမိုပြုလုပ်လာတာကြောင့် လေကြောင်းရန်နဲ့ လေကြောင်းအန္တရာယ်ကို အရင်ကထက် ပိုမို သတိထားကြဖို့၊ အင်တာနက်နဲ့ ဖုန်းသုံးစွဲမှုတွေကို သတိထားသုံးစွဲကြဖို့ AA က တိုက်တွန်းလိုက်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – AA