တနင်္သာရီ၊ ဇန်နဝါရီ ၂၁

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် တနင်္သာရီ-မောတောင်လမ်းပိုင်းမှာ နေ့စဉ်နဲ့အမျှ ဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးတွေ များလာတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တနင်္သာရီ-မောတောင်လမ်းပိုင်းကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၈ ရက်နေ့ကစပြီး စစ်ကောင်စီတပ်က အင် အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့အတွက် ရေဖြူ၊ သိန်းခွန်နဲ့ ချောင်းနှစ်ပေါက်ရွာအနီးပတ် ဝန်းကျင်တွေမှာ နေ့စဉ်နဲ့အမျှ တိုက်ပွဲဖြစ်ပွားနေတာပါ။

အဲဒီတိုက်ပွဲတွေဟာ ဇန်နဝါရီ ၁၉ ရက်နေ့အထိ ဆက်လက်ဖြစ်ပွားနေပြီး တစ်လအတွင်း နှစ်ဖက်ထိတွေ့ တိုက်ပွဲအကြိမ် ၃၀ ထက်မနည်း ဖြစ်ပွားထားပါတယ်။

တိုက်ပွဲကာလအတွင်း စစ်ကောင်စီဘက်က ၄၀ ကျော် သေဆုံးထားသလို စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးကို တော်လှန်ရေးတပ်ဖွဲ့တွေက အရှင်ဖမ်းဆီးမိထားပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိထားပါတယ်။

တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့ဘက်က လေးဦးကျဆုံးထားပြီး ဒဏ်ရာရသူတွေလည်း ရှိနေသလို လက်နက်ခဲယမ်းတချို့ကိုလည်း စစ်ကောင်စီဘက်က သိမ်းဆည်းနိုင်ခဲ့တာပါ။

စစ်ကောင်စီစစ်ကြောင်းဟာ ဇန်နဝါရီ ၂၀ ရက်နေ့အထိ သိန်းခွန်ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲထားတာကြောင့် နှစ်ဖက်စစ်ရေး ဆက်လက်တင်းမာနေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲကြောင့် တနင်္သာရီ-မောတောင်လမ်းပိုင်းကို ဒီကနေ့အထိ ဆက်လက်ပိတ်ထားဆဲဖြစ်ပြီး ခရီးသွားကားတွေကို ဖြတ်သန်းသွားလာခွင့် မပေးသေးဘူးလို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားနေတဲ့ကာလအတွင်း ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၈ ရက်နဲ့ ၂၀ ရက်နေ့တွေမှာ စစ်ကောင်စီဘက်က တိုက်လေယာဉ်တွေနဲ့ ဗုံး ၁၀ လုံးထက်မနည်းနဲ့ ကြဲချတိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့တာပါ။

တိုက်ပွဲကြောင့် ရေဖြူ၊ ထုံမခါ၊ ချောင်းနှစ်ပေါက်၊ သိန္နောကျေးရွာတွေက ဒေသခံ ၁၀၀၀ ဝန်းကျင် စစ်ရှောင်နေရတာ တစ်လကျော်ရှိလာပြီး စားဝတ်နေရေး ခက်ခဲကြပ်တည်းလာနေကြတယ်လို့ စစ်ရှောင်တွေထံကနေ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.