မော်စကို၊ ဇန်နဝါရီ ၁၈
သေဆုံးသွားပြီဖြစ်တဲ့ အတိုက်အခံခေါင်းဆောင် အလက်ဆီ နာဗယ်နီထောင်ချခံထားချိန်မှာ သူ့ဆီက သတင်းစကားတွေကို ပြင်ပကမ္ဘာဆီ ပို့ဆောင်ပေးခဲ့တဲ့အတွက် ရှေ့နေသုံးဦးကို ရုရှားက ဇန်နဝါရီ ၁၇ ရက်မှာ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်လိုက်ပါတယ်။
ယူကရိန်းကို ကျူးကျော် တိုက်ခိုက်မှုအတွင်း ဆန့်ကျင်သူများအပေါ် ကျယ်ကျယ်ပြန့်ပြန့် နှိမ်နှင်းနေချိန် ထွက်ပေါ်လာတဲ့ အဲဒီ လုပ်ရပ်ကြောင့် လူ့အခွင့်အရေး အဖွဲ့တွေ ထိတ်လန့်သွားခဲ့ကြရပါတယ်။
အမှုသည်တွေကို ထောင်ချတဲ့အပြင် သူတို့ရဲ့ ဥပဒေဆိုင်ရာ ကိုယ်စားလှယ်တွေကို ရုရှားဘက်က ရုံးတင်စစ်ဆေးမှုတွေ အရှိန်မြှင့် ပြုလုပ်လာမှာကို လူ့အခွင့်အရေးအဖွဲ့တွေ စိုးရိမ်နေကြပါတယ်။
ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလက အာတိတ်ဒေသရှိ အကျဉ်းထောင် တစ်ခုမှာ ရှင်းမပြနိုင်တဲ့ အခြေအနေတွေနဲ့ ရုရှားအတိုက်အခံ ခေါင်းဆောင်နာဗယ်နီ သေဆုံးသွားခဲ့ပြီးနောက်မှာတောင် သူ့နဲ့ ဆက်စပ်သူတွေကို သမ္မတရဲ့ ကရင်မလင်နန်းတော်က အပြစ်ပေးဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။
ဗာဒင် ကော့ဘ်ဇေ့ဗ်၊ အလက်စီ လစ်ဆာ၊ အီဂေါ် ဆာဂူနင်တို့ဟာ အစွန်းရောက် အဖွဲ့အစည်းမှာ ပါဝင်မှုအတွက် အပြစ်ရှိကြောင်း ပီတူရှ်ကီမြို့ရှိ တရားရုံးက ဆုံးဖြတ်ခဲ့တာပါ။
နာဗယ်နီရဲ့ ထင်ရှားတဲ့ ဥပဒေရေးရာအဖွဲ့ဝင် ဗာဒင် ကော့ဘ်ဇေ့ဗ် ကထောင်ဒဏ် ၅ နှစ်ခွဲ ချမှတ်ခံရပြီး အလက်စီ လစ်ဆာက ထောင် ၅ နှစ်နဲ့ အီဂေါ် ဆာဂူနင်က ထောင် ၃ နှစ်ခွဲ ချမှတ်ခံခဲ့ရပါတယ်။
ရုရှားရဲ့ အခုလို ပြစ်ဒဏ်ချမှတ်မှုကြောင့် အနောက်တိုင်းက ဒေါသထွက်နေကြောင်း သိရပါတယ်။
နာဗယ်နီ ထောင် ၁၉ နှစ် ကျခံနေချိန်အတွင်း သူ့ကို သွားရောက် တွေ့ဆုံခဲ့တာ အဲဒီရှေ့နေ လူသုံးဦးတည်းပဲ ရှိခဲ့တာ ဖြစ်ပါတယ်။
သမ္မတ ပူတင်ရဲ့ အဓိက နိုင်ငံရေးပြိုင်ဖက် နာဗယ်နီက သူ့ရဲ့ ရှေ့နေတွေက တဆင့် ကမ္ဘာကြီးသို့ သူ့ရဲ့ သတင်းစကားတွေကို ပေးပို့ခဲ့တာ ဖြစ်ပါတယ်။
အဲဒီရှေ့နေတွေက နာဗယ်နီ ပေးပို့လိုက်တဲ့ သတင်းစကားတွေကို လူမှုမီဒီယာတွေက တဆင့် နိုင်ငံတကာကိုကြားသိစေခဲ့တာ ဖြစ်ပါတယ်။
ရုရှား အကျဉ်းထောင်တွေထဲ ရောက်ရှိနေသူတွေဟာ စာတွေနဲ့ သတင်းစကားတွေကို သူတို့ရဲ့ ရှေ့နေတွေတဆင့် အပြင်ကို ကြားသိအောင် လုပ်တာက သာမန် အလေ့အထ တစ်ခုပဲ ဖြစ်ပါတယ်။
နာဗယ်နီရဲ့ ပြည်ပသို့ တိမ်းရှောင်နေတဲ့ ဇနီးသည် ယူလီယာ နာဗယ်နာယာက အဲဒီ ရှေ့နေ သုံးဦးဟာ နိုင်ငံရေး အကျဉ်းသားတွေ ဖြစ်ကြပြီး ချက်ချင်း ပြန်လွှတ်ပေးသင့်တယ်လို့ ပြောကြားထားပါတယ်။
အဲဒီ ပြစ်ဒဏ် ချမှတ်မှုနဲ့ပတ်သက်လို့ အမေရိကန်၊ ပြင်သစ်၊ ဂျာမနီနဲ့ ဗြိတိန်တို့ အားလုံးက ပြစ်တင် ဝေဖန်ထားပါတယ်။
နာဗယ်နီ ကိုယ်တိုင်လည်း ရှေ့နေတစ်ယောက် ဖြစ်ပြီး သူဟာ အာရုံကြောအဆိပ်နဲ့ တိုက်ခိုက်ခံခဲ့ရသလို ထောင်ထဲမှာ သေဆုံးသွားတာကလည်း သံသယဖြစ်ဖွယ် အခြေအနေတွေနဲ့ သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။
Ref: CNA