ဘေဂျင်း၊ ဇန်နဝါရီ ၁၇
အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ အွန်လိုင်း လောင်းကစားလုပ်ငန်းနဲ့ ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးအတွက် အားကောင်းတဲ့ အစီအစဉ်တွေ ချမှတ် လုပ်ဆောင်ကြဖို့၊ သက်ဆိုင်ရာ နိုင်ငံတွေအနေနဲ့ ကိုယ့်တာဝန်ကို ကိုယ်ထမ်းကြဖို့ တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ဇန်နဝါရီ ၁၆ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။
ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက် အွန်လိုင်းလောင်းကစားမှုနဲ့ ဆက်သွယ်ရေး လိမ်လည်မှု ဖြစ်ရပ် တော်တော်များများက တရုတ်နဲ့ တခြားနိုင်ငံသားတွေကို ခြိမ်းခြောက်နေသလို အန္တရာယ် ပေးနေတယ်လို့ ဝန်ကြီး ဝမ်ယိရဲ့ ပြောဆိုချက်ကို ကိုးကားပြီး တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
နိုင်ငံအားလုံးက လူတွေ ဘေးကင်းစွာ ခရီးသွားလာနိုင်မယ့် အခြေအနေ ဖန်တီးပေးရေး တရုတ်အနေနဲ့ ဥပဒေစည်းကြပ်ရေးနဲ့ လုံခြုံရေးအတွက် အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လိုကြောင်း ဒေသဆိုင်ရာကိုယ်စားလှယ်တွေနဲ့ ရှားရှားပါးပါး တွေ့ဆုံမှု အတွင်း ဝန်ကြီး ဝမ်ယိက ပြောဆိုလာတာပါ။
လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ တရုတ်ရဲ့ ကမ်းလှမ်းမှုက အရှေ့တောင်အာရှမှာ ဆက်သွယ်ရေး လိမ်လည်မှုနဲ့ လူမှောင်ခိုကူးမှု ပိုများလာတဲ့အပေါ် ဘေဂျင်းအစိုးရက စိုးရိမ်မှု ပိုများလာကြောင်း မီးမောင်းထိုးပြသနေတာ ဖြစ်ပါတယ်။
ကိုဗစ် ကမ္ဘာ့ကပ်ရောဂါ မတိုင်ခင်က ဒေသတဝန်း နှစ်စဉ် ဒေါ်လာ ဘီလီယံပေါင်းများစွာ သုံးစွဲခဲ့ကြတဲ့ တရုတ် ခရီးသွားတွေဟာ အိမ်နီးချင်း အရှေ့တောင် အာရှနိုင်ငံတွေအတွက် သိသာတဲ့ ဝင်ငွေရင်းမြစ် တစ်ခု ဖြစ်ခဲ့ပါတယ်။
ဒါပေမဲ့ လူမှောင်ခိုကူးမှုနဲ့ တရုတ် လူမှုမီဒီယာမှာ ပျံ့နှံ့နေတဲ့ ခရီးသည်တွေကို ရာဇဝတ်ဂိုဏ်းတွေက ပြန်ပေးဆွဲနေတယ်ဆိုတဲ့ ဇာတ်လမ်းတွေကြောင့် တရုတ်နိုင်ငံသားတွေဟာ ဒေသတွင်းမှာ ခရီးထွက်ဖို့ တွန့်ဆုတ်လာကြပါတယ်။
မကြာသေးခင်က လူသိထင်ရှား ဖြစ်ရပ်အတွင်း တရုတ် ရုပ်ရှင် သရုပ်ဆောင် ဝမ်ရှင်းဟာ အခုလ စောစောပိုင်းက ထိုင်း-မြန်မာ နယ်စပ်မှာ ပျောက်ဆုံးသွားခဲ့ပြီးနောက် မြန်မာနိုင်ငံထဲကနေ ပြန်လည် ရှာတွေ့ခဲ့ပါတယ်။
သူဟာ လူကုန်ကူးခံရသူ ဖြစ်တယ်လို့ ယုံကြည်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောဆိုထားပါတယ်။
ဒီအတောအတွင်း တရုတ်နိုင်ငံသားတွေ ပျောက်ဆုံးသွားပြီး လူလိမ် လုပ်ငန်းတွေမှာ ပိတ်မိနေမှုတွေနဲ့ ပတ်သက်လို့ ပြည်တွင်းနဲ့နိုင်ငံခြား ရာဇဝတ်မှု သံသယရှိသူ ၁၂ ဦးကို ထိုင်းနဲ့ တရုတ်ရဲတပ်ဖွဲ့က ဇန်နဝါရီ ၁၇ ရက်မှာ ဖမ်းဆီးလိုက်ကြောင်း ကြေညာပါတယ်။
အွန်လိုင်း လူလိမ်လုပ်ငန်းတွေက ဉာဏ်ရည်တုနည်းပညာ AI သုံးပြီး ထိုင်းဝန်ကြီးချုပ်ကိုတောင် လိမ်လည်ဖို့ ကြိုးပမ်းခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီ ဖြစ်ရပ်မှာတော့ ပြည်ပခေါင်းဆောင် တစ်ဦးပုံစံမျိုး လူလိမ်တွေက AI နဲ့ ဖန်တီးပြီး ထိုင်းဝန်ကြီးချုပ် ပေသွန်ထန် ရှင်နာဝါထရာကို လိမ်လည်ဖို့ ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ နိုင်ငံရေး မငြိမ်သက်မှုကို အခွင့်ကောင်းယူပြီး အွန်လိုင်း လူလိမ်လုပ်ငန်းတွေဟာ အရင်က ရှမ်းမြောက်ပိုင်းမှာ အခြေစိုက် လှုပ်ရှားခဲ့ကြပေမယ့် ညီနောင်မဟာမိတ်အဖွဲ့ရဲ့ နှိမ်နှင်းမှုအပြီး ထိုင်း-မြန်မာနယ်စပ်သို့ ရွှေ့ပြောင်းသွားခဲ့ကြတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံရှိ အွန်လိုင်း လူလိမ်လုပ်ငန်းတွေမှာ ကျေးကျွန်တွေလို အတင်းအကြပ် အလုပ်စေခိုင်းခံနေရတဲ့ နိုင်ငံသားတွေ အများအပြား ရှိပြီး အာဖရိကနိုင်ငံသားတွေတောင် ပါဝင်နေတာ တွေ့ရပါတယ်။
အွန်လိုင်းက လစာကောင်းကောင်း ထောက်ပံ့မှု ကောင်းကောင်း ပေးမယ်လို့ မက်လုံးပေးပြီး ခေါ်ယူနေတဲ့ အလုပ်အကိုင်တွေကို နားမယောင်ကြဖို့ တိုက်တွန်းမှုတွေ ထွက်ပေါ်နေပါတယ်။
Ref:Bangkokpost