တိုကျို၊ ဇန်ဝါရီ ၁၇
လာမယ့် နှစ်ပေါင်း ၃၀ အတွင်း ဂျပန်နိုင်ငံမှာ ကြီးမားတဲ့ ငလျင်လှုပ်ခတ်နိုင်ခြေ သိသိသာသာ ပိုများလာပြီး ဖြစ်နိုင်ခြေ ၇၅ ရာခိုင်နှုန်းကနေ ၈၂ ရာခိုင်နှုန်းအထိ ရှိတယ်လို့ အစိုးရပညာရှင်အဖွဲ့က ဇန်နဝါရီ ၁၆ ရက်မှာ ပြောကြားလိုက်ပါတယ်။
အဲဒီလို မြေငလျင်မျိုး လှုပ်ခတ်လာရင် ရစ်ချ်တာစကေး ၈ ကနေ ၉ အထိ ရှိနိုင်ပြီး ကမ်းရိုးတန်းဒေသတွေမှာ ဆူနာမီလှိုင်းတွေ ဖြစ်ပေါ်နိုင်သလို လူထောင်ချီ သေဆုံးနိုင်ပြီး ပျက်စီး ဆုံးရှုံးမှု ဒေါ်လာ ဘီလီယံနဲ့ချီ ရှိနိုင်ကြောင်း ပညာရှင်တွေက သတိပေးထားပါတယ်။

အရင်က ဂျပန်နိုင်ငံမှာ ကြီးမားတဲ့ မြေငလျင်တွေ လှုပ်ခတ်နိုင်ခြေကို မြေငလျင်သုတေသန ကော်မတီက ၇၄ ရာခိုင်နှုန်းကနေ ၈၁ ရာခိုင်နှုန်း အထိ ရှိတယ်လို့ သတ်မှတ်ထားခဲ့ပြီး အခုတစ်ကြိမ် ထုတ်ပြန်ချက်မှာတော့ ၁ ရာခိုင်နှုန်းတိုးပြီး ခန့်မှန်းထားတာ ဖြစ်ပါတယ်။
ဂျပန်ရဲ့ ပစိဖိတ်ကမ်းရိုးတန်းနဲ့အပြိုင် ရေအောက်ရှိ ကီလိုမီတာ ၈၀၀ ရှည်တဲ့ နန်ကိုင်းလှိုင်းချိုင့်တစ်လျှောက် မြေပြင်အခြေအနေ သိသိသာသာ ပြောင်းလဲမှုကြောင့် ကြီးမားတဲ့ မြေငလျင် လှုပ်ခတ်နိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။
ဂျပန်နိုင်ငံ တည်ရှိတဲ့ ဖိလစ်ပိုင်ပင်လယ် ရေအောက်ကြမ်းပြင်ဟာ ဖြေးဖြေးချင်း ပြိုကွဲ လာနေတယ်လို့ သိရပါတယ်။
ဒီလို ရေအောက် ကြမ်းပြင်တွေ ပြိုကွဲပြီး ရွေ့လျားချိန်မှာ အချင်းချင်း တိုက်မိမှုကြောင့် ကြီးမားတဲ့ စွမ်းအင် ဖြစ်ပေါ်ပြီး အားပြင်းတဲ့ မြေငလျင်တွေ လှုပ်ခတ်လာနိုင်ပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၄၀၀ ကျော်အတွင်း နန်ကိုင်း လှိုင်းချိုင့်တစ်လျှောက်မှာ နှစ်ပေါင်း ၁၀၀ ကနေ ၂၀၀ ကြာတိုင်း အားပြင်းတဲ့ မြေငလျင်တွေ လှုပ်ခတ်လေ့ရှိတယ်လို့ ဂျပန် အစိုးရ မြေငလျင် သုတေသနဌာနချုပ်ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။
နောက်ဆုံး အားပြင်းတဲ့ မြေငလျင် လှုပ်ခတ်ခဲ့တာက ၁၉၄၆ ခုနှစ်က ဖြစ်ပါတယ်။
နောက်ဆုံး မြေငလျင် လှုပ်ခတ်ပြီးနောက် ၇၉ နှစ်ကြာလာပြီ ဖြစ်တဲ့ အတွက် တစ်နှစ်စီ ကြာတိုင်း အားပြင်းတဲ့ ငလျင် လှုပ်ခတ်နိုင်ခြေ ၁ ရာခိုင်နှုန်းစီ ပိုများလာတယ်လို့ ဂျပန် ငလျင်သုတေသနကော်မတီ အရာရှိတစ်ဦးက ဆိုပါတယ်။
၂၀၁၂ ခုနှစ်မှာ အစိုးရရဲ့ ခန့်မှန်းချက်အရ ဂျပန်ကမ်းအလွန်မှာ ရှိတဲ့ ကျွန်းငယ်လေးတွေဟာ မီတာ ၃၀ အထိ မြင့်မားတဲ့ ဆူနာမီ လှိုင်းဒဏ်ခံရရင် ပျောက်ကွယ်သွားနိုင်တယ်လို့ သတိပေးထားပါတယ်။
ဒီလို ကြီးမားတဲ့ ငလျင်လှုပ်ခတ်ခဲ့မယ်ဆိုရင် အဓိကကျွန်းတွေ ဖြစ်တဲ့ ဟွန်ရှူးနဲ့ ရှီကိုကူပေါ်ရှိ လူနေထူထပ်တဲ့ ဒေသတွေဟာ ကြီးမားတဲ့ လှိုင်းဒဏ်ကို မိနစ် အနည်းငယ်အတွင်း ခံရနိုင်တယ်လို့ ဆိုပါတယ်။
Ref:AFP