မော်လမြိုင် ၊ ဇန်နဝါရီ ၁၆
ပြည်တွင်းမှာ နိုင်ငံရေးဘောင် ချဲ့ထွင်ရေးလုပ်ငန်းစဉ်ကို တိုးမြှင့်ဆောင်ရွက်ဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ အပစ်ရပ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း မဟာမိတ် ၇ ဖွဲ့ ရဲ့ ဦးဆောင်အ ဖွဲ့အစည်းအဝေးကနေ အသိပေးလာပါတယ်။
ဇန်နဝါရီ ၁၄ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ဦးဆောင်အဖွဲ့ အစည်းအဝေးမှာ လက်ရှိ ဖြစ်ပေါ်နေတဲ့ နိုင်ငံ ရေး၊ စစ်ရေး၊ စီးပွားရေးနဲ့ လူထုတွေ နေ့စဉ်ရင်ဆိုင်နေရတဲ့ လူမှုဒုက္ခတွေကို သုံးသပ်ပြီး လုပ်ငန်း စဉ်တချို့ ထုတ်ပြန်လာတာပါ။
အဲဒီထဲမှာ ၂၀၂၅ ခုနှစ်အတွင်း ဖြစ်ပေါ်လာနိုင်မယ့် နိုင်ငံရေးအခင်းအကျင်းနဲ့အညီ ဆောင်ရွက်နိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိဖို့နဲ့ သက်ဆိုင်သူတွေ အားလုံးပါဝင်တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်ပေါ်လာစေရေးတို့ ပါဝင်ပါတယ်။
အပစ်ရပ် မဟာမိတ် ၇ ဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွန့်က ဖက်ဒရယ်ဒီမိုကရေစီပြည် ထောင်စုတည်ဆောက်ရေးအတွက် ပြောဆိုဆွေးနွေးရာမှာ ပါသင့်ပါထိုက်တဲ့ အဖွဲ့အစည်း လူပုဂ္ဂို လ်တွေအားလုံးကို ဆိုလိုတာလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ပါဝင်သင့်ပါဝင်ထိုက်သူလို့ ကျွန်တော်တို့အနေနဲ့ နားလည်တာကတော့ ဖက်ဒရယ်ဒီမိုကရေစီပြည် ထောင်စု တည်ဆောက်ရေးအတွက် စကားပြောဆိုတဲ့နေရာမှာ ဒီမိုကရေစီဘက်မှာ ပါသင့်ပါထိုက်တဲ့အဖွဲ့အစည်း လူပုဂ္ဂိုလ်တွေအကုန်လုံး ပါရမှာဖြစ်သလို ဖက်ဒရယ်လို့ ပြောလိုက်ရင်လည်း ပါသင့်ပါထိုက်တဲ့ တိုင်းရင်းသားလူမျိုး လက်နက်ကိုင်အဖွဲ့အစည်း တိုင်းရင်းသားလူမျိုး နိုင်ငံရေးပါတီပါရမှာဖြစ်တာနဲ့ တစ်ပြိုင်နက် လက်ရှိအခက်အခဲအကျပ်အတည်းကို ကျော်လွှားနိုင်ဖို့ စကားမပြောမဖြစ် မတွေ့မဖြစ် မပါမဖြစ်ပါသင့်ပါထိုက်တဲ့ အဖွဲ့အစည်း လူပုဂ္ဂိုလ်တွေအားလုံးကို ကျွန် တော်တို့အနေနဲ့ ဆိုလိုခြင်းဖြစ်ပါတယ်ခင်ဗျ” လို့ ဆိုပါတယ်။
တွေ့ဆုံဆွေးနွေးရေးတွေဖြစ်ဖို့ အချိန်ကာလ သတ်မှတ်ထားခြင်းမရှိဘဲ နှစ်ဘက်စလုံး ပူးပေါင်းပါ ဝင်မှု ပိုင်ဆိုင်မှုရှိရမှာဖြစ်သလို တန်းတူညီတူ အကောင်အထည်ဖော်နိုင်ဖို့ ဆွေးနွေးနိုင်မယ့် နေရာကအစ အာဂျန်ဒါနဲ့ အချိန်ကာလတွေဟာ ကြိုတင်ညှိနှိုင်းသဘောတူညီချက်တွေအပေါ် ဖြစ်လာနိုင်မယ်လို့ သူက ဆက်ပြောပါတယ်။
ကျန်တဲ့ လုပ်ငန်းစဉ်တွေထဲမှာတော့ ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ အပါအဝင် EAO တွေအတွင်း ညှိ နှိုင်းပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုရရှိလာစေရေးနဲ့ ပြည်တွင်း နိုင်ငံရေးဘောင် ချဲ့ထွင်ဖို့ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
နိုင်ငံရေးဘောင် ချဲ့ထွင်ရာမှာ အပစ်ရပ် မဟာမိတ် ၇ ဖွဲ့ကြား ဖက်ဒရယ်အခြေခံမူကို ပြင်ဆင်ထားဖို့နဲ့ ပြည်နယ်အလိုက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်လာနိုင်အောင် ကြိုးပမ်းရမှာဖြစ်ပြီး လူ သားချင်းစာနာမှုလုပ်ငန်းတွေကိုလည်း တိုးမြှင့်နိုင်အောင် နည်းလမ်းရှာရမယ်လို့ ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောပါတယ်။
ဒါ့အပြင် ပြင်ပအင်အားစု တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်နိုင်ဖို့အပါအဝင် အာဆီယံအဖွဲ့အစည်းနဲ့လည်း ဆက်ဆံနိုင်အောင် အပစ်ရပ်မဟာမိတ် ၇ ဖွဲ့အနေနဲ့ ကြိုး စားမယ်လို့ သူကဆက်ပြောပါတယ်။
“တဆက်တည်းမှာပဲ ပြင်ပအင်အားစုတွေနဲ့ လုပ်ရမယ့်အလုပ်တွေအနေနဲ့ကတော့ ကျွန်တော်တို့အနေနဲ့ တခြားသော ညီနောင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ချဉ်းကပ်ပြီး စုစည်းမှု အတူတကွ ပူးပေါင်းမှုတွေ လုပ်ဆောင်နိုင်အောင် ကျွန်တော်တို့ ကြိုးပမ်းဖို့ လိုအပ်တယ်။ အဲဒါလည်းပဲ လုပ်ငန်းစဉ်တစ်ခုဖြစ်တယ်။ နောက်တစ်ခါ ကျွန်တော်တို့ နိုင်ငံရဲ့ လက်ရှိအကျပ်အတည်းကို ကျော်လွှားဖို့ ဆိုရင် နိုင်ငံတကာတွေရဲ့ ပံ့ပိုးကူညီမှုကလည်း မျက်ကွယ်ပြုလို့မရဘူးလို့ နားလည်တဲ့အတွက်ကြောင့် မကြာခင်အာဆီယံအလှည့်ကျ ဥက္ကဌဖြစ်လာမယ့် မလေးရှားဝန်ကြီးချုပ်အပါ အဝင် အာဆီယံနိုင်ငံက ခေါင်းဆောင်တွေနဲ့လည်း ထိတွေ့ဆက်ဆံနိုင်အောင် ကျွန်တော်တို့ ကြိုးစားရမယ်” လို့ ဆိုပါတယ်။
အိမ်နီးချင်း တရုတ်၊ အိန္ဒိယနဲ့ ထိုင်းနိုင်ငံက ခေါင်းဆောင်တွေ အဖွဲ့အစည်းတွေနဲ့လည်း ထိတွေ့ဆက်ဆံပြီး မြန်မာ့အကျပ်အတည်းကို ကျော်လွှားနိုင်ဖို့ ပူးပေါင်းဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေအဖြစ် ချမှတ်ထားတာ ဖြစ်ပါတယ်။
စစ်ဘောင်ကျယ်လာနေတဲ့ မြန်မာနိုင်ငံမှာ နိုင်ငံရေးဘောင်ချဲ့ဖို့ အပစ်ရပ်ထိုး တိုင်းရင်းသားလက် နက်ကိုင် အဖွဲ့အစည်းမဟာမိတ် ၇ ဖွဲ့ဟာ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေးတွေဖြစ်ဖို့ တောက် လျှောက် ကြိုးပမ်းလာနေတာပါ။
အလားတူ စစ်ကောင်စီကလည်း နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ အထက်စီးကနေ မကြာခဏ ဖိတ်ခေါ်လေ့ရှိပေမယ့် အားလုံးပါဝင်တဲ့ ဆွေးနွေးရေးစားပွဲဝိုင်းဆီ ဦးတည်နိုင်ခြင်း မရှိသေးပါဘူး။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က နိုင်ငံရေးဘောင်တိုးချဲ့ဖို့ ပြောတာတွေဟာ တော်လှန် ရေး ဦးတည်ချက်နဲ့ လုံးဝကင်းကွာနေတဲ့ လှုပ်ရှားမှုဖြစ်တဲ့အတွက် လူထုက လက်ခံမှာမဟုတ်ဘူးလို့ သုံးသပ်ပါတယ်။
“ဒီအဖွဲ့အစည်းကနေပြီးတော့ ဒီနေ့ကာလ စစ်ရေးဘောင် တိုးချဲ့လာတဲ့အခြေအနေမှာ နိုင်ငံရေးဘောင်တိုးချဲ့ဖို့ ပြောတာဟာ တကယ်တမ်းကျတော့ စစ်ကောင်စီကို ထောက်ခံအားပေးနေတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ စစ်ကောင်စီရဲ့ တည်ရှိမှုကို ဖျက်သိမ်းဖို့ ကြိုးပမ်းနေတဲ့ ပြည်သူလူထုရဲ့ နွေဦးတော်လှန်ရေးဦးတည်ချက်နဲ့ လုံးဝကင်းကွာနေတဲ့ အချောင်သမားအတွေးအခေါ် အုပ်စုတွေရဲ့ နိုင်ငံ ရေးလှုပ်ရှားမှုဖြစ်တဲ့အတွက် လူထုကတော့ မထောက်ခံဘူးလို့ ကျွန်တော်ပြောပါရစေ”လို့ ဆိုပါတယ်။
ဇန်နဝါရီလဆန်းမှာ ထွက်ပေါ်ခဲ့တဲ့ ပြည်တွင်းရှိ နိုင်ငံရေးအင်အားစုတွေရဲ့ ငွေဆောင်သဘောတူညီချက်တွေထဲမှာ နိုင်ငံအနှံ့ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကို ရောက်တဲ့နေရာမှာ ရပ်တန့်ပြီး နိုင်ငံရေးဆွေး နွေးဖို့ တွန်းတင်လာတာ တွေ့ရပါတယ်။
နိုင်ငံတကာအစိုးရတွေကလည်း မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ချက်ချင်းအဆုံးသတ်ပြီး အပြု သဘောဆောင်တဲ့ အားလုံးပါဝင်ခွင့်ရှိတဲ့ ဆွေးနွေးပွဲတွေလုပ်ဖို့ စစ်ကောင်စီနဲ့ လက်နက်ကိုင်အဖွဲ့တွေအားလုံးကို တိုက်တွန်းခဲ့သေးတာပါ။
အပစ်ရပ် မဟာမိတ် ၇ ဖွဲ့ထဲမှာတော့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ မွန်ပြည်သစ်ပါတီ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်၊ ကရင်ငြိမ်းချမ်းရေးကောင်စီ၊ လားဟူဒီမိုကရက်တစ်အစည်းအရုံးနဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်တို့ ပါဝင်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-EAOs