နမ့်ခမ်း၊ ဇန်နဝါရီ ၁၃
၂၀၂၅ ခုနှစ်အတွင်း မြေပြန့်ဒေသနဲ့ အခြားဆက်စပ်ဒေသတွေမှာ စစ်ရေးအရှိန် ပိုမိုမြှင့်တင်သွားမှာဖြစ်တာကြောင့် ချမှတ်ထားတဲ့ ဘေးကင်းလုံခြုံရေးအစီအမံတွေကို အထူးလိုက်နာကြဖို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ရဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တားအိုက်လုန်းက ပြောကြားလိုက်ပါတယ်။
ဇန်နဝါရီ ၁၂ ရက်နေ့က ကျရောက်တဲ့ ၆၂ နှစ်ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့ ဂုဏ်ပြုမိန့်ခွန်းမှာ TNLA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တားအိုက်လုန်းက ထည့်သွင်းပြောကြားခဲ့တာပါ။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်း တော်လှန်ရေးရဲ့ အောင်မြင်မှုအလင်းတန်း ရောင်နီသမ်းလာနေပြီးဖြစ်သလို ၂၀၂၅ ခုနှစ်အတွင်းမှာလည်း စစ်အာဏာရှင်အုပ်စုကို ဖြိုချပစ်ဖို့ တော်လှန်ရေးတာဝန်တွေကို စည်းလုံးညီညွတ်စွာ ကြိုးပမ်းသွားမယ်လို့ ဗိုလ်ချုပ်ကြီး တားအိုက်လုန်းက ပြောပါတယ်။
ဒါ့အပြင် လက်နက်ကိုင်တော်လှန်ရေး အင်အားစုအချင်းချင်း တချို့ပဋိပက္ခတွေကို ရေရှည်နိုင်ငံရေး ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို ရွေးချယ်ပြီးတော့ စစ်အာဏာရှင် အပြီးသတ် ချုပ်ငြိမ်းနိုင်ဖို့အတွက် လက်တွဲလုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
TNLA ဟာ ၁၀၂၇ စစ်ဆင်ရေးအတွင်း မြို့ပေါင်း ၁၂ မြို့အထိ သိမ်းပိုက်ရရှိထားပေမယ့် ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအတွင်း တရုတ်နိုင်ငံရဲ့ ကြားဝင်မှုကြောင့် စစ်ကောင်စီတပ်နဲ့ အပစ်ခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးဆွေးနွေးသွားမယ်လို့ ကြေညာထားတာပါ။
၆၂ နှစ်ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့ကို အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် လက်နက်ကိုင်တော်လှန်ရေး အင်အားစု ၁၁ ဖွဲ့ကလည်း စစ်အာဏာရှင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦးနဲ့ လက်တွဲပြီး တိုက်ပွဲဝင်သွားမယ်လို့ သဝဏ်လွှာပေးပို့ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – TNLA