လောင်းလုံး၊ ဇန်နဝါရီ ၉

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် စမ်းလှမ်းရွာနဲ့ နောက်ပြင်ကျေးရွာအကြားမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးတာတွေ ရှိခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၇ ရက်နေ့ မနက်ပိုင်းက လက်ခတ်တောင်ဘက်ကနေ ပြန်ဆင်းလာတဲ့ တပ်အင် အား ၄၀ ကျော်ပါ စစ်ကောင်စီကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာကနေ နှစ်ဖက်တိုက်ပွဲ အချိန် လေးနာရီနီးပါးကြာ ဖြစ်ပွားခဲ့ပါတယ်။

တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ပြောပြချက်အရ ကြားဖြတ်တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ အအေးခန်းစက်ရုံတွေကို အကာအကွယ်ယူပြီး ပြန်ဆုတ်သွားကာ အဲဒီကနေတဆင့် လောင်းလုံးမြို့ပေါ်ကို ပြန်တက်သွားတာပါ။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၀ ဦးနီးပါး ထိခိုက်သေဆုံးခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဘက်က ရဲဘော်တစ်ဦးကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ကြားဖြတ်တိုက်ခိုက်ခံရတဲ့ စစ်ကောင်စစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၅ ရက်နေ့ကတည်းက လောင်းလုံးမြို့ပေါ်ကနေ လက်ခတ်တောင်၊ အဲဒီကနေတဆင့် စမ်းလှမ်းကျေးရွာထဲ ဝင်ရောက်လာပြီးနောက် ဒေသခံနေအိမ်တွေက တန်ဖိုးရှိပစ္စည်းတွေကို ဖောက်ထွင်းယူဆောင်သွားတဲ့ စစ် ကြောင်းဖြစ်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာနောက်ဆုံးအပတ်ကလည်း လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာမှာ နှစ်ဖက်တိုက်ပွဲ ငါးရက်အကြာဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၄၀ ကျော် သေဆုံးခဲ့သလို တော်လှန်ရေးတပ်ဖွဲ့ဘက်ကလည်း ရဲဘော်နှစ်ဦးကျဆုံးခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.