ထားဝယ်၊ ဇန်နဝါရီ ၈
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် အရှေ့တောဒေသရှိ ကွမ်းချောင်းကြီးကျေးရွာမှာ စစ်ကောင်စီတပ်ရဲ့ လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU တပ်မဟာ ၄ က သတင်းထုတ်ပြန်ပါတယ်။
မနေ့ ဇန်နဝါရီ ၇ ရက်နေ့ နေ့လယ် ၁၁ နာရီခွဲအချိန်ခန့်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကွမ်းချောင်းကြီးကျေးရွာကို စစ်ကောင်စီက တိုက်လေယာဉ်နဲ့ လာရောက်ဗုံးကြဲခဲ့တာပါ။
ဗုံးကြဲမှုကြောင့် ကွမ်းချောင်းကြီးကျေးရွာ ဘောလုံးကွင်းအနီးဝန်းကျင်မှာ ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့သလို အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
စစ်ကောင်စီတပ် လေယာဉ်နဲ့ဗုံးကြဲခဲ့တဲ့ ကွမ်းချောင်းကြီးကျေးရွာဟာ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၄ အုပ်ချုပ်နယ်မြေ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလနောက်ဆုံးအပတ်ကလည်း လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာတိုက်ပွဲမှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ နေအိမ် ၂၀ ထက်မနည်း မီးလောင်ပျက်စီးထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KKL