မော်လမြိုင်၊ ဇန်နဝါရီ ၈

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ တစ်လအတွင်း နိုင်ငံတဝန်းမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၉၅ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ဇန်နဝါရီ ၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာ ၁ ရက်နေ့ကနေ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ စစ်ကောင်စီလက်ချက်ကြောင့် အမျိုးသမီး ၃၅ ဦး၊ အမျိုးသား ၅၉ ဦးနဲ့ လိင်စိတ်ခံယူမှု ကွဲပြားသူ ၁ ဦး စုစုပေါင်း ၉၅ ဦးသေဆုံးခဲ့တာကို အမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီထဲမှာ အသက် ၁၈ နှစ်အောက် ကလေးငယ် ၁၄ ဦးပါဝင်ပြီး မန္တလေးတိုင်းမှာ ၂၃ ဦးနဲ့ သေဆုံးသူ အများဆုံးဖြစ်ပြီး ပဲခူးတိုင်းမှာ ၁၇ ဦးနဲ့ သေဆုံးသူ ဒုတိယအများဆုံးဖြစ်ပါတယ်။

သေဆုံးသူတွေထဲမှာ အရပ်သား ၄၅ ဦးဟာ စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အများဆုံးသေဆုံးခဲ့ရပြီး ၃၀ ဦးမှာ လက်နက်ကြီး ပစ်ခတ်ကြောင့် ဒုတိယအများဆုံး သေဆုံးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၉ ရက်နေ့မှာ မကွေးတိုင်း ပခုက္ကူမြို့နယ် မြစ်ခြေမြို့နဲ့ ကမ္မမြို့ကြားမှာ ရောက်ရှိနေတဲ့ အင်အား ၁၅၀ ဝန်းကျင်ပါတဲ့ စစ်ကောင်စီတပ်ဟာ မြစ်ခြေမြို့အတွင်းရှိ လူနေရပ်ကွက်တွေကို လက်နက်ကြီး ပစ်ခတ်ခဲ့ပါတယ်။

စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် မြစ်ခြေမြို့ မြို့မ အမှတ် ၁ ရပ်ကွက်မှာ ကျရောက်ပေါက်ကွဲခဲ့ပြီး ဦးညွှန့်ရွှေ၊ ဒေါ်ကြည်မြင်နဲ့ ကလေးသုံးယောက်ဖြစ်တဲ့ မမိုးသီရိချို၊ မစုစန္ဒီနဲ့ မောင်ကျော်စိုးလွင်တို့ ငါးဦး ကျည်စထိမှန် သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတဲ့ လေးနှစ်နီးပါးကာလအတွင်း စစ်ကောင်စီနဲ့ လက်ပါးစေတွေကြောင့် ဒီမိုကရေစီအရေး လှုပ်ရှားသူနဲ့ ပြည်သူစုစုပေါင်း ၆၁၂၄ ဦးသေဆုံးခဲ့တယ်လို့ AAPP ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – PNLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.